မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း အကြိမ်ကြိမ်မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

By ပါခွီး၊ ရောင်နီ (မဇ္ဈိမ)
29 May 2023
မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း အကြိမ်ကြိမ်မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

စစ်ကိုင်းတိုင်းအတွင်းမှ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို နှစ်ကြိမ် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့ (Black Eagle Defence Force – MMU) က မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းမှ မုံရွာဘက်သို့ မီးသတ်ကား ၁၁ စီးအသုံးပြု၍ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို အလ္လကပ္ပနှင့်ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်းသုံးလုံးဖြင့် မေလ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“သူတို့လာမယ်ဆိုတာကြိုသိထားတဲ့အတွက် စောင့်ပြီးတိုက်ခဲ့တာပါ။ ယာဉ်တန်းနှစ်ခုကို ပဒေသာ ခြောက်လုံး၊ တဖက်ပွင့်နှစ်လုံးနဲ့ တိုက်ခဲ့တာပါ” ဟု Black Eagle Defence Force – MMU တာဝန်ခံ ဗိုလ်စံရှားကမဇ္စျိမ ကိုပြောသည်။

ဒုတိယအကြိမ်အဖြစ် မေလ ၂၈ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် စစ်ကိုင်းမှမုံရွာသို့ ထွက်လာသော တွဲကားကိုးစီး၊ စစ်ကား သုံးစီးပါယာဉ်တန်းကို အဆိုပါနေရာ၌ပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

တိုက်ခိုက်မှုများအတွင်း ပထမယာဉ်တန်းမှ လေးစီးမြောက် ကားထိမှန်ခဲ့ပြီး ဒုတိယယာဉ်တန်းတွင် ပထမဆုံး သံပြားကာကားအား တည့်တည့်ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ထိမှန်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများကို မြောင်လမ်းခွဲအထိုင် တပ်စခန်းတွင် ဆေးဝင်ကုပြီး အလောင်းများထားခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး လမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များမှ ၆၀ မမ ၊ ၄၀ မမ စသော လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သော်လည်း ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force – MMU မှ ဦးဆောင်ပြီး ၊ မြင်းမူ မြို့နယ် ပကဖ ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ Myinmu Civil Revolution Force – CRF – Myinmu , မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM , People’s Knight Defense Force Myinmu – PKDF နှင့် People Defence Force Myinmu – MMU PDF ညီနောင်မဟာမိတ် ခြောက်ဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မီးသတ်ကားများပါ၀င်သည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုလည်း မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာ ကြားတွင် PDF South Monywa နှင့် မဟာမိတ်တပ်ဖွဲ့များက မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင် တွင် ကြိုးဆွဲမိုင်းအသုံးပြုကာ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီ ၃၅ မိနစ်ကလည်း ချောင်းဦးမှမုံရွာသို့ ဆက်လက်မောင်းနှင်လာသည့် အဆို ပါယာဥ်တန်းကို ခင်မွန်နှင့် မြေနဲကြားအရောက်တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ တိုက်ခိုက်မှုတွေမှာ ကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထိခိုက်မှုရှိတယ်။ အဖွဲ့ပေါင်းစုံက မိုင်းဆွဲတာ ဆိုတော့ အတိအကျတော့ စုံစမ်းမရသေးဘူး။ အခုတော့ မီးသတ်ကားတွေအကုန် မုံရွာမြို့ထဲကို ၀င်သွား ပါပြီ” ဟု PDF South Monywa တာ၀န်ရှိသူ Oxygen က မဇ္စျိမကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုများကို မုံရွာခရိုင်-အမှတ်(၁၁)တပ်ရင်း(People`s Defence Force-South Monywa)၊Myanmar Islamic Commando. PDF၊ မုံရွာခရိုင် တပ်ရင်း( ၁၁ ) တပ်ခွဲ ( ၂ )SGG ၊ Monywa Peacock Defence Force၊ G.3 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ FarmersRevolutionForce)၊ နှင့် Forces Our History(FOH)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းများသည် မုံရွာ - မန္တလေးလမ်းပိုင်းတွင် အမြဲလိုလို ဖြတ်သန်းသွားလာလျက်ရှိပြီး လူ၊ လက်နက်၊ ရိက္ခာဖြည့်တင်းခြင်းနှင့် ကြေးနီးများသယ်ဆောင်ခြင်းများပြုလုပ်လေ့ရှိကြောင်း Black Eagle Defence Force – MMU တာဝန်ခံ ဗိုလ်စံရှားမှ ပြောဆိုသည်။

ယခုယာဉ်တန်းတွင် ဆီပေပါများ ၊ သေတ္တာများနှင့် စစ်ကောင်စီတပ်သားများ တင်ဆောင်လျက်ဖြတ်သန်း သွားခြင်းဖြစ်ကြောင်းသိရသည်။

မေလ ၂၇ ရက်နေ့ကလည်း မုံရွာမှစစ်ကိုင်းဘက်သို့ထွက်လာသော ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်း ကို Black Eagle Defence Force – MMU ၊ မြင်းမူမြို့ နယ် ပကဖ နှင့် People’s Defence Force Myinmu – MMU PDF သုံးဖွဲ့မှ အလ္လကပ္ပ နှင့် ဝမ်းပြည့်ရွာအကြား ပဒေသာမိုင်း သုံးလုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မြင်းမူလင်းယုန်နက်

#MMU

#စစ်ကိုင်း

#မုံရွာ

#မိုင်းဆွဲတိုက်ခိုက်

#အလ္လကပ္ပ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly