ကရင်တော်လှန်ရေးတပ်များ ကော့ကရိတ်ခရိုင်အတွင်း တိုက်ပွဲများဆင်နွှဲ၊ စကစတပ်ရင်းမှူးသေ

By သွင်ထူးဈာန် (မဇ္ဈိမ)
29 May 2023
ကရင်တော်လှန်ရေးတပ်များ ကော့ကရိတ်ခရိုင်အတွင်း တိုက်ပွဲများဆင်နွှဲ၊ စကစတပ်ရင်းမှူးသေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကရင်တော်လှန်ရေးအင်အားစုများနှင့် KNDO တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ကော့ကရိတ်ခရိုင်အတွင်းရှိ ဝေါ်လေဗျူဟာစခန်းကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းကုန်းတို့ကို မေလ ၂၃ ရက်နေ့တွင် KNLA (၂၀၁) တပ်ရင်း၊ KNDO အမှတ် (၈) နှင့် Federal Wings ဒရုန်းအဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင် ကနဲလေးစခန်းကုန်းမှ တပ်ရင်းမှူးအပါဝင် ကိုးဦးသေဆုံးခဲ့ပြီး ဝေါ်လေဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဝင်ရောက်တိုက်ခိုက်မှုများအတွင်း မော်ခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များမှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

“မော်ခီးစခန်းကို ကျနော်တို့တက်မသိမ်းပါဘူး။ ဒါပေမယ့် စကစတွေက စခန်းထဲမနေရဲဘူး ထွက်ပြေး သွားတယ်။ စခန်းသုံးခုတိုက်ခိုက်ခံရတော့ အရပ်သားတွေရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အရပ်သား ထိခိုက်တာတော့မရှိဘူး၊ ရွာထဲကနေထွက်ပြေးရတာတွေတော့ ရှိတယ် ” ဟု KNDO အမှတ် (၈) မှ တာဝန်ရှိသူတဦးက ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ပနွယ်ဖိုးကလိုးကျေးရွာကို စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်ရှစ်လုံး ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်၏လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကော့ကရိတ်ခရိုင်အတွင်းရှိ ကနဲလေး၊ ပနွယ်ဖိုး ကလိုး၊ မော်ခီးနှင့် မော်ဖိုးကလိုးကျေးရွာတို့မှ အရပ်သားများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။

အဆိုပါစခန်း သုံးခုကို မေလ ၂၃ ရက်နေ့မှစတင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယနေ့ မေလ ၂၉ ရက်နေ့ အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ကနဲလေးစခန်းကုန်း

#မော်ခီးစခန်း

#ဝေါ်လေဗျူဟာကုန်း

#ကော့ဂရိတ်ခရိုင်

#လေကြောင်းတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly