ကရင်နီပြည်နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

By 001 ၊ ကိုဇာနည် (မဇ္ဈိမ)
29 May 2023
ကရင်နီပြည်နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

ကရင်နီပြည်နယ်အတွင်း မေလ ၂၇ ရက်နေ့က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကအထိနာသဖြင့် လက်နက်ကြီးအပြင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KNDF-B-02 မှ ရဲဘော်သုံးဦး၊ Medic Unit (Demoso) မှ ဆေး တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း တပ်ဖွဲ့အသီးသီးမှထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးတွင် မေလ ၂၇ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်၌ စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ KNDF-B-02 မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း(၂) မှထုတ်ပြန်ထားသည်။

ကျဆုံးသွားသည့်ရဲဘော်သုံးဦးမှာ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့ဖြစ်ပြီး ဖယ် ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြောင်းနှင့် အာဇာနည်ရဲဘော်သုံးဦး အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီး ရဲဘော်သုံးဦးသည် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်ကြသလို ဦးဆောင်မှု၊ အမိန့်နာခံမှု ကောင်းသူများဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် မေလ ၂၇ ရက်နေ့က Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ကျဆုံးခဲ့ရသူများမှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအန်ဂျလာ၊ ကိုဘော့စကိုနှင့် ကိုမြထွေးတို့ဖြစ်ပြီး ၎င်းတို့ လေးဦး၏ နာရေးအခမ်းအနားကို မေလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု KRU နှင့် Dove KK တို့မှ ထုတ်ပြန်ထားသည်။

ရဲဘော်၊ ရဲမေများသည် အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ ၂၃ နှစ်အကြားလူငယ်များဖြစ်ကြပြီး တိုက်ပွဲရှေ့တန်းအတွင်း ဆေးကုသပေးနေစဥ်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KRU သတင်းပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းကပြောသည်။

“အခု ဒီဖက်ဒေသမှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိကလည်း စစ်ကောင်စီက လေကြောင်းကိုခါတိုင်းထက်ပိုပြီး တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လေယာဥ်နဲ့ ဗုံးလာကြဲတာမျိုး တွေပဲတောက်လျှောက်လုပ်နေတော့ ကိုယ့်ဖက်လည်း အထိအခိုက်တွေရှိတာပေါ့။

လေကြောင်းကို ကာကွယ်ဖို့အတွက်ကလည်း အဆင်သင့်မဖြစ်သေးဘူးပေါ့။ ကြိုးတော့ ကြိုးစားနေကြတယ်ပေါ့။ KNDF ဆိုလည်းကြိုးစားနေတာပေါ့။ ကရင်နီပွိုင့်ဖိုက်ဆိုတဲ့ပရောဂျက်တွေ၊ ဒါတွေမြန်မြန်အောင်ဖို့လိုတယ်။ လေကြောင်းကို ကျွန်တော်တို့အန်တုနိုင်မှသာလျှင် အဆင်ပြေမယ့်အနေအထားပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရဲဘော်၊ ရဲမေလေးဦးမှာ Dove KK ၏ ဆေးသင်တန်းအမှတ်စဥ် (၂) တွင် ဆေးတပ်သားအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ရှေ့တန်းမြေပြင်တွင်သာမကစစ်ရှောင်စခန်းများတွင်လည်း လိုအပ်သကဲ့သို့ ကူညီ ပေးနေသူများဖြစ်ကြကြောင်း Dove KK မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းအသုံးပြု တိုက် ခိုက်မှု ၁,၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီဒေသများကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မေလ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပင် ကရင်နီ-ရှမ်းနယ်စပ် မိုးဗြဲမြို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေရပ် ကွက်အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်သုံးနှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် အချို့လည်း ပျက်စီးခဲ့သည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ် ။ ။စောဖေ

#ကရင်နီပြည်

#လေကြောင်းမှတိုက်ခိုက်မှု

#KNDF-B-02

#Medic_Unit_(Demoso)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly