စစ်ကောင်စီတပ် တပ်ရင်းမှူး ရှေ့တန်းမှထွက်ပြေးရာ ပြန်မိသွားပြီး အချုပ်ကျ

By ရွှေနွယ် (မဇ္ဈိမ)
29 May 2023
စစ်ကောင်စီတပ် တပ်ရင်းမှူး ရှေ့တန်းမှထွက်ပြေးရာ ပြန်မိသွားပြီး အချုပ်ကျ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တာဝန်ကျနေသော ခြေလျင်တပ်ရင်းတခုဖြစ်သည့် ခလရ(၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်သည် ရှေ့တန်းတပ်စခန်းမှထွက်ပြေးရာ ပြန်လည်ဖမ်းမိသွား သဖြင့် အချုပ်ချခံနေရကြောင်း ခိုင်မာယုံကြည်ရသော တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ခလရ(၁)သည် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ စိန်ကန့်လန့်ရွာတွင် အခြေစိုက် သော စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်းတခု ဖြစ်သည်။

တပ်ရင်းမှုး ဒုဗိုလ်မှူးကြီးသူရိန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတတိယပတ်မှစ၍ ရှေ့တန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုမေလအတွင်းဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲများတွင် ခလရ (၁) မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သားလေးဦးသေဆုံးပြီးနောက် ထွက်ပြေးရန်ကြိုးပမ်းခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်မှ ပြောသည်။

“မေလ ၂၁ ရက်နေ့က ခလရ(၁) က ဗိုလ်ကြီး မင်းခန့်ကျော်သေတယ်။ အဲဒီနေ့က တပ်ရင်းမှူးနားကိုလည်း ဗုံးသီးကျလာတယ်၊ သူက မသေတာ၊ အဲဒီမှာ ကြောက်ပြီး ရှေ့တန်းကနေ ပြေးတာ။ မနေ့က (မေလ ၂၈ ရက်) ပြန်မိပြီး ရှေ့တန်းတပ်မမှာပဲ အချုပ်ချထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဒီးမော့ဆိုတိုက်ပွဲတွင်သေဆုံးသွားသော ဗိုလ်ကြီးမင်းခန့်ကျော်သည် အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး ၎င်း၏ ရက်လည်ဆွမ်းသွပ်ကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ခလရ(၁) အရာရှိရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒု-ဗိုလ်မှူးကြီးသူရိန်ထွက်ပြေးသည့်ဖြစ်စဉ်အသေးစိတ်နှင့် ပြန်လည်ဖမ်းဆီးရမိသည့် ဖြစ်စဉ်အသေးစိတ် အား မသိရှိရသော်လည်း လက်ရှိတွင် ရှေ့တန်းတပ်မအချုပ်၌ ဖမ်းဆီးခံထားရသည်မှာ မှန်ကန်ကြောင်း သတင်းရင်းမြစ်မှ အခိုင်အမာပြောသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့ကြား မေလ ၁၄ ရက်နေ့မှ စတင်ကာ မေလ ၂၃ ရက်နေ့အထိ ၁၀ ရက်တာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း များစွာရှိကြောင်း KNDF ဗဟိုက မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်သည် ခလရ (၁)မှ ယခင် တပ်ရင်းမှူးဟောင်း ဒု−ဗိုလ်မှူးကြီး ကျော်ဇေယျ ရှေ့တန်းတွင်သေဆုံးပြီးနောက် အခြားတပ်တခုမှ ခလရ(၁)သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့လာသူဖြစ် ကာ ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ခလရ(၁)၏ယခင်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ဇေယျသည် စစ်တပ်ကအာဏာသိမ်းပြီး တနှစ်နီးပါး အကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်၊ ငွေတောင်ဆည်တိုက်ပွဲ အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးသူ ဒုဗိုလ်မှူးကြီးသူရိန်၏ဇနီး ဒေါ်ဝင့်နှင်းဖြူသည် မကြာသေးမီကာလက ရှေ့တန်းတွင် ကျဆုံး သူတပ်သားများအားပေးသည့်မြေကွက်များကို ကျန်ရစ်သူမိသားစုများထံမှ စျေးနှိမ်ဝယ်ယူသဖြင့် ပြည်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ ဒု-တပ်မမှူး၏ သတိပေးခြင်းခံခဲ့ရသူ ဖြစ်သည်။

အဆိုပါ ခလရ(၁)စိန်ကန့်လန့်တပ်မှ စစ်အာဏာသိမ်းပြီးနောက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ အပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သည် ကရင်နီဒေသတိုက်ပွဲများအတွင်း သေဆုံးထားပြီး CDM ပြုလုပ်ထားသူ ၁၀ ဦးနှင့်အထက် ရှိနေကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည် နယ်တွင် တိုက်ပွဲပေါင်း ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂,၀၀၀ နီးပါး သေဆုံးကာ KNDF ၊ PDF ၊ KA ဘက်မှ ကျဆုံးသူ ၂၅၀ ကျော်ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ခလရ၁

#ဒီးမော့ဆို

#ထွက်ပြေး

#တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသူရိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly