အင်ဒိုနီးရှားစစ်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၄၁ ဦးထိမြင့်တက်

အင်ဒိုနီးရှားစစ်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၄၁ ဦးထိမြင့်တက်

မီဒန်၊ ဇူလိုင် ၁ ။   ။ အင်ဒိုနီးရှားလေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း မီဒန်မြို့တွင် ပျက်ကျရာမှ သေဆုံးသူဦးရေမှာ ၁၄၁ဦးအထိမြင့်တက်လာခဲ့သည်ဟု ရဲတပ်ဖွဲ့က ဇူလိုင်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အလောင်း ၁၄၁ လောင်းရရှိထားပါတယ်"ဟု မီဒန်မြို့ရှိ ဆေးရုံတစ်ခုတွင် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။ Hercules C-130 လေယာဉ်သည် ဇွန် ၃၀ ကမြို့၏အနောက်ပိုင်းရှိ လူနေဧရိယာတစ်ခုတွင် ပျက်ကျပေါက်ကွဲမီးလောင်ခဲ့ရာ အဆောက်အဦများကြီးမားစွာ ပျက်စီးကာ ကားများလည်း မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

လေတပ်က လေယာဉ်ပေါ်ပါလူအရေအတွက် ပြန်လည်ပြင်ဆင်ပြောကြားခဲ့ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အဖွဲ့အပါအဝင်လူ ၁၂၂ဦးပါသည်ပြောကြားခဲ့သည်။ အစောပိုင်းက လေယာဉ်ပေါ်တွင် လူ၁၁၃ဦးသာပါသည်ဟု ထုတ်ပြန်ခဲ့သည်။ လေယာဉ်သည် လူဦးရေနှစ်သန်းရှိသော မြို့၏ တည်ဆောက်ပြီးစလူနေဧရိယာပေါ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အနှိပ်ခန်းတစ်ခုနှင့် ဟိုတယ်တစ်ခုပေါ် သို့ ထိမှန်ခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်တွင် အနည်းဆုံးလူသုံးဦးသေဆုံးခဲ့သည်ဟု အတည်ပြုခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးအရာရှိများသည် နောက်ထပ်အလောင်းများကို ရှာဖွေရန်အတွက် ပျက်ကျသည့်နေရာမှ အပျက်အစီးပုံကြီးကို စက်ယန္တရားကြီးများသုံး၍ ရှင်းလင်းခဲ့ကြသည်။ ဂျာဗာပင်လယ်ထဲသို့ အဲအေရှလေယာဉ်ပျက်ကျမှုကြောင့် လူ ၁၆၂ ဦးသေဆုံး ပြီးခြောက်လအကြာ ယခုလေယာဉ်ပျက်ကျမှုဖြစ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly