အိန္ဒိယ ၊ မဏိပူရ်ပြည်နယ်၌ လူသေဆုံးသော ပဋိပက္ခများ ထပ်မံပေါ်ပေါက်

အိန္ဒိယ ၊ မဏိပူရ်ပြည်နယ်၌ လူသေဆုံးသော ပဋိပက္ခများ ထပ်မံပေါ်ပေါက်

အိန္ဒိယနိုင်ငံ၏ အစွန်အဖျားကျသော အရှေ့မြောက် ပြည်နယ်တစ်ခု ဖြစ်သည့် မဏိပူရ်တွင် မေလ ၂၈ ရက်က လူသေဆုံးသည့် ပဋိပက္ခများ အသစ်တစ်ဖန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါ ပဋိပက္ခများအတွင်း သေဆုံး၊ ထိခိုက်မှုများနှင့်ပတ်သက်ပြီး အတိအကျကို လက်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မဏိပူရ်ပြည်နယ်တွင် ယခုလအတွင်း လူမျိုးစု အချင်းချင်းအကြား ပဋိပက္ခ အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားမှုကြောင့် လူ ၇၀ ဦးထက်မနည်း သေဆုံးပြီး လူသောင်းချီ နေရပ်စွန့်ခွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက် ပြည်နယ်တွင် တင်းမာမှုတို့ ရှိနေခဲ့သည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း သံသယရှိ ရန်လိုသွေးကြွနေသူ ၄၀ ဦးနှင့် ရဲနှစ်ဦးတို့ သေဆုံးကြောင်း ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းဂ်က ပြည်တွင်း မီဒီယာကို ပြောခဲ့ပြီး အဆိုပါ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး အစိုရအရာရှိတစ်ဦးကလည်း အေအက်ဖ်ပီကို အတည်ပြုသည်။

“အကြမ်းဖက်သမားတွေက M-16 ၊ AK-47 ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ စနိုက်ပါ သေနတ်တွေ သုံးပြီး အရပ်သားတွေကို ရန်မူခဲ့ပါတယ်။ သူတို့ဟာ အိမ်တွေကို မီးရှို့ဖို့ ကျေးရွာအများအပြားကို ရောက်လာခဲ့ကြတယ်” ဟု ဆင်းဂ်က ပြောကြောင်း ပြည်တွင်းမီဒီယာက ကိုးကားဖော်ပြသည်။

“ဒါကြောင့် စစ်တပ်နဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့အတူ မိမိတို့ဟာ သူတို့အပေါ် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုကို စလုပ်ခဲ့ရတယ်။ အကြမ်းဖက်သမား ၄၀ လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ သတင်းတွေ ရထားတယ်” ဟု ဆင်းဂ်က ပြောသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။

သို့သော် စစ်ဖက် သတင်းရင်းမြစ်တစ်ဦးကမူ ပြည်နယ်၌ မငြိမ်မသက်မှုတို့ အရှိန်မြင့်နေကြောင်း အတည်ပြုပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူ လေးဦး သေဆုံးသည်ဟုသာ ပြောသည်။

“လူမရှိတော့တဲ့ အိမ်တွေကို မီးရှို့ဖို့ ကြိုးစားပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့တဲ့ ဥပဒေဖောက်ဖျက်သူ သုံးယောက်ထက်မနည်းဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က အေအက်ဖ်ပီကို ပြောသည်။

“မိုရေးမှာလည်း နောက်ထပ် ဥပဒေဖောက်ဖျက်သူတစ်ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက်အပါအဝင် အခြားသုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာ အကြား ကြားညပ်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဝေးလံသော ပြည်နယ်များသည် ကာလကြာကတည်းက မတူညီသော လူမျိုးစု အစုအဖွဲ့များအကြား တင်းမာမှုများ၏ လောင်စာတစ်ခု ဖြစ်နေခဲ့သည်။

ယခု မေလအစောပိုင်းက မဏိပူရ်တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုမှာ ပြည်နယ်မြို့တော် အင်ဖာ၏ အတွင်းနှင့် ဝန်းကျင်တွင် နေထိုင်သည့် ဟိန္ဒူအများစုဖြစ်သည့် လူများစု မေထေး (ကသည်း) လူမျိုးစုနှင့် မြို့တော်၏ ပတ်ဝန်းကျင် တောင်တန်းဒေသများတွင် နေထိုင်သော ခရစ်ယာန်အများစု ကူကီး လူမျိုးစုအကြား ဖြစ်ပွားခြင်း ဖြစ်သည်။

ရန်ပြုခံရသူ အများစုမှာ ကူကီး အစုအဖွဲ့မှ ဖြစ်သည်ဟု ယုံကြည်ရပြီး ၎င်းတို့၏ ကျေးရွာများနှင့် ဘုရားကျောင်းတချို့ မေထေး လူမျိုးစုဝင် လူအုပ်စုများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် နေရာတချို့တွင်လည်း မေထေးများမှာ ကူကီးများ၏ ပစ်မှတ်ထား ရန်ပြုခြင်းကို ခံခဲ့ရသည်။

အာမခံချက်ရှိသော အစိုးရအလုပ်အကိုင်နေရာ ခွဲတမ်းများနှင့် အခြားသော ခံစားခွင့်များကို မေထေး များထံ ပေးအပ်မည့် အလားအလာအပေါ် ကူကီးလူမျိုးစုဝင်များက အမျက်ဒေါသထွက်ရာမှ ပဋိပက္ခ အစပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကူကီးလူမျိုးစုနှင့် အခြားမျိုးနွယ်စုများအတွက် လက်ရှိတွင် သီးသန့်ဖယ်ပေးထားသည့် ဧရိယာများတွင် မေထေးလူမျိုးစုဝင်များကို မြေဝယ်ယူခွင့်ပြုနိုင်သည် ဆိုပြီး ကူကီးများအကြား ကာလကြာ စိုးရိမ်ပူပန်မှုများကိုလည်း ယင်းက မီးထိုးလှုံ့ဆော်စေခဲ့သည်။

တရားဥပဒေပြန်လည်စိုးမိုးစေရေး ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ချီ တပ်ဖြန့်ထားပြီး လူ ၃၀,၀၀၀ ခန့်သည် နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးထားကြရသည်။ အင်တာနက်လိုင်းကိုလည်း သီတင်းပတ်များကြာ ဖြတ်တောက်ထားသည်။

Fresh deadly clashes in northeast India

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly