စစ်ကောင်စီဘက်မှ မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားနေ

29 May 2023
စစ်ကောင်စီဘက်မှ မြန်မာနှင့် ထိုင်းဆက်ဆံရေးကို ပြန်လည်စဉ်းစားနေ

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာနဲ့ ထောက်ခံမဲ အများဆုံးတို့ ရရှိခဲ့တဲ့ Move Forward ပါတီ အနိုင်ရပြီး မကြာမီ မြန်မာစစ်ကောင်စီမှ ဒုတိယ အာဏာအကြီးမားဆုံး ဒုဗိုလ်ချုပ်ကြီး စိုးဝင်းက ထိုင်းမြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ သူ့တပ်မှူးများကို ညွှန်ကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းခံရတဲ့ Move Forward ပါတီ (MFP) ရဲ့ လူငယ်ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရို ရတ်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ စစ်ကောင်စီဘက်က အခုလိုညွှန်ကြားလိုက်တာဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာလက်ထက်မှာ ထိုင်းနိုင်ငံက နေပြည်တော်က အာဏာသိမ်းစစ်ဗိုလ် ချုပ်ကြီးတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။

ထိုင်းမှာ အစိုးရသစ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ MFP ပါတီက အနောက်အုပ်စုတွေကို လိုလားပြီး အကြမ်းဖက်သမားတွေကို ကူညီမှာမို့ သူတို့ရဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်ချက်တွေကို သိရှိအောင် လုပ်ရမှာဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြည့်ဖို့ စစ်ကောင်စီရဲ့ ဒုဗိုလ်ချုပ်ကြီး စိုးဝင်းက သူ့တပ်ရင်းတွေကို ညွှန် ကြားလိုက်ကြောင်း ဧရာဝတီသတင်းပုဒ်ကို ကိုးကားပြီးတော့ Thai Enquirer သတင်းမှာ ဖော်ပြထားတာပါတယ်။

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီ (MFP) အကြီးအကဲ ပီတာက ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ မြန်မာနိုင်ငံကို ခုထက်ပိုမိုဖိအားပေးသင့်တယ်လို့ ပြောထားတာပါ။

ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကြွေးကြော်သံနဲ့တက်လာတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရက် Pita Limjaroenrat ဟာ အစိုးရသစ်ရဲ့ဝန်ကြီးချုပ်ဖြစ်လာဖို့ အလားအလာကောင်းနေပြီး၊ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ အရင်ထိုင်းအစိုးရရဲ့ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်မယ့်သူလို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပေးထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly