ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေယျာမျိုး သေဆုံး

By 001 (မဇ္စျိမ)
28 May 2023
ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေယျာမျိုး သေဆုံး
ဓာတ်ပုံ - ဗိုလ်မှူး ဇေယျာမျိုး (CJ)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ပူးပေါင်းတပ်နှင့် ဖြစ်ပွားခဲ့သော မေလ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသက် (၃၅) နှစ်အရွယ် ဗိုလ်မှူး ဇေယျာမျိုး သေဆုံးသွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ဗိုလ်မှူး ဇေယျာမျိုးသည် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၄၂၅) မှဖြစ်ပြီး ၎င်း၏ ရက်လည်ဆွမ်းသွပ်ကို ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မိသားစုတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

“ဗိုလ်မှူး ဇေယျာမျိုးသည် ဒီးမော့ဆိုမြို့ တစ်နေရာတွင် မေလ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ကျဆုံးသွားသည်” ဟု မိသားဝင်တစ်ဦးက ရေးသားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုသို့ရေးတင်ခဲ့သူ မိသားစုဝင်မှ အဆိုပါ ပိုစ့်ကို ပြန်လည်ဖြုတ် ချသွားသည်ကို တွေ့ရသည်။

ဒီးမော့ဆို အရှေ့ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၄၂၅)၊ ခမရ (၅၁၇) ၊ ခလရ (၂၈၇) တပ်ရင်းများနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထိုသို့ ၁၀ ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူး ဇေယျာမျိုးသည် အဆိုပါ တိုက်ပွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၊ ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်းပြုလုပ်ခဲ့ပြီး KA မှ ရဲဘော် တစ်ဦးနှင့် KNDF မှ ရဲဘော် ခုနစ် ဦးကျဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်မူ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေါလျားခူကျေးရွာ အရှေ့ဘက်တောင်ပေါ်မှ ဒေါတငူးသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ထိတွေ့တိုက်ပွဲများရှိနေသေးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ယနေ့ မေလ ၂၈ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲပေါင်း ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂,၀၀၀ နီးပါးသေဆုံးကာ PNDF၊ PDF၊ KA ဘက်မှ ကျဆုံးသူ ၂၅၀ ကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly