စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ခြေလျင်တပ်ရင်း နှင့် အခွန်ရုံး တိုက်ခိုက်ခံရ

By 007 (မဇ္စျိမ)
28 May 2023
စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ခြေလျင်တပ်ရင်း နှင့် အခွန်ရုံး တိုက်ခိုက်ခံရ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်နေစဥ် ကာလအတွင်း ခြေလျင်တပ်ရင်းတစ်ခုနှင့် မြို့နယ်အခွန်ဦးစီးမှူးရုံး တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်သည်မေလ ၂၆ ရက်နေ့က မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိလာပြီး ဗန်းမော်ဆရာတော်၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမျှော်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်  နန်းတွင်းရွှေနန်းတော်ကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ယမန်နေ့ မေလ ၂၇ ရက်က ပြန်သွားကြောင်း စစ်ကောင်စီကို ထောက်ခံသည့် သတင်းချန်နယ်များက သိရသည်။

ယမန်နေ့  နံနက်ပိုင်းတွင် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးရှိ လုံခြုံရေးတင်းကျပ်ထားသော ခလရ(၉၁၀)တပ်ကို ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက ၄၀ မမဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ တပ်ဖွဲ့(၁)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထိအခိုက်စာရင်းကို မသိရသေးကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးက ဆိုသည်။ 

ထိုနေ့ ညနေ ၆ နာရီခန့်တွင်၊ ပြည်ကြီးတံခွန်မြို့နယ် မြ၀တီမင်းကြီး(၁)လမ်းနှင့် ၇၅ လမ်းထောင့်ရှိ၊ မြို့နယ်အခွန်ဦးစီးမှူးရုံး လက်လုပ်မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်။ထိုတိုက်ခိုက်မှုကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship  People Defence Force(NMD)အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရုံးအနီးရပ်ထားသော မော်တော်ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း NMD အဖွဲ့ကသတင်းထုတ်ပြန်သည်။ ထို ပေါက်ကွဲမှုအတွင်း အရပ်သားပိုင် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများကဆိုသည်။ မန္တလေးမြို့တွင် စစ်ကောင်စီက မေလ ၂၈ ရက် တစ်ရက်လုံး လုံခြုံရေးတင်းကျပ်စစ်ဆေးနေကြောင်းလည်း ဒေသခံများထံက သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required