ဒိုက်ဦးအကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၁ ဦး အသတ်ခံရ

By YT (မဇ္ဈိမ)
28 May 2023
ဒိုက်ဦးအကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၁ ဦး အသတ်ခံရ
ဓါတ်ပုံ - ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း (ပုံဟောင်း)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကို စစ်ကြောရေးသို့ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့အထဲမှ ကိုသန့်ဇင်ဝင်းဆိုသူအသတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“မေလ ၂၅ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းတို့အခန်းထဲကနေ ငါးယောက်ခေါ်ထုတ်တယ်။ ပြီးတော့ နှိပ်စက် တယ်။ တရက်ပဲရှိသေးတယ် ကျဆုံးတယ်ကြားတယ်။ ဘယ်လိုသတ်ပစ်လိုက်လဲတော့မသိဘူး”ဟု BPDF- Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ကျိုက်ဇကောအကျဉ်းထောင်မှ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးအား စစ်ကောင်စီတပ်သားများက လာရောက်ခေါ်ထုတ်သွားပြီး ပျဉ်ပုံစစ်ကောင်စီတပ် အတွင်းသို့ ခေါ်သွားကြောင်း BPDF- Yoma တာဝန်ရှိသူနှင့် ပဲခူး ပ.က.ဖ တာဝန်ရှိသူထံက သိရသည်။

“မေလ ၂၆ ရက်နေ့မှာ ကိုသန့်ဇင်ဝင်းသေဆုံးတာပါ။ အလောင်းပြန်မပို့ဘူး။ အလောင်းကို ပျဉ်ပုံတပ်က ရင်ခွဲရုံကို ပို့လိုက်တာ။ မိသားစုကအလောင်းပြန်တောင်းတာ မပေးပါဘူး၊ သင်္ဂြိုဟ်လိုက်ပြီပြောတယ်” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကျိုက်ဇကောထောင်မှ ကိုသန့်ဇင်ဝင်းနှင့်အတူ မေလ ၂၅ ရက်နေ့က ခေါ်ထုတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနက် ပဲခူးမြို့နယ်မှ ကိုမင်းဘုန်း၊ ညောင်လေးပင်မြို့မှ ကိုရာလေး၊ ကျောက် တံခါးမြို့မှ ကိုပြည့်အပါအဝင် နိုင်ငံရေးအကျဉ်းသားခုနစ်ဦးနှင့် မေလ ၂၇ ရက်နေ့က ထပ်မံခေါ်ထုတ် ခံရသည့် နိုင်ငံရေးအကျဉ်းသားအချို့သည်လည်း လက်ရှိတွင်ပျဉ်ပုံတပ်ထဲ၌မရှိဘဲ သတင်းအစအန ပျောက်နေကြောင်း သိရသည်။

“ပထမဆုံးအယောက်၂၀ ခေါ်ထုတ်သွားပြီး ၁၃ ယောက်ပဲ စာရင်းရပါတယ်။ ကျန်တဲ့ ခုနစ်ယောက် ပျောက်နေပါတယ်။ ဘယ်ခေါ်သွားမှန်းမသိရဘူး။ ဘာသတင်းအစအနမှ လိုက်လို့မရဘူး။ ပျဉ်ပုံတပ်မှာ မရှိဘူး။ နောက်ထပ်ခေါ်သွားတဲ့ လူတွေရောပဲ” ဟု ပဲခူး ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် ပဲခူးမြို့နယ် ပ.က.ဖ တာဝန်ခံအချို့နှင့် ရဲဘော်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ကိုသန့်ဇင်ဝင်းသည် ပုဒ်မ ၅၄ ၊ ၅၀၅ ၊ ၅၁ ၊ ၅၂ အပါအဝင် အခြားသောပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ထံထားရပြီး လက်ရှိတွင်လည်း စွဲဆိုခံရသည့်အမှုများအား ရင်ဆိုင်နေရဆဲဖြစ် ကြောင်း သိရသည်။

ပဲခူးခရိုင်၊ ကျိုက်ဇကောအကျဉ်းထောင်အတွင်း၌ ထောင်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်နေပြီး ထောင် တွင်း သတ်ဖြတ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြ ရ ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း

#ဒိုက်ဦးမြို့နယ်

#နိုင်ငံရေးအကျဉ်းသား

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly