သပိတ်ကျင်းမြို့နယ်တွင် ကားအသွားအလာ ခေတ္တရပ်ထားရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်

By 007 (မဇ္စျိမ)
28 May 2023
သပိတ်ကျင်းမြို့နယ်တွင် ကားအသွားအလာ ခေတ္တရပ်ထားရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်

မန္တလေး-ဗန်းမော်ကားလမ်းပိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေသော မည်သည့်မော်တော်ယာဉ်အမျိုးအစားမဆို မိမိတို့ရောက်ရှိနေသည့်နေရာတွင် ခေတ္တရပ်နားထားရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရေးပေါ်ထုတ်ပြန်သတိပေးထားသည်။

ယမန်နေ့ မေလ ၂၇ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လမ်းများကို ခေတ္တပိတ်ထားမည်ဖြစ်ကာ

ပြန်ဖွင့်မည်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ မနေ့က (စစ်)ယာဉ်တန်း ၁၀ စီး မြို့နယ်ဘက်ကိုတက်ခဲဲ့တာ စကစနဲ့ အနီးစပ်ဆုံးမှာရှိနေရင် (ပြည်သူတွေ) ထိခိုက်မိမှာစိုးလို့ပါ။ အဲဒီအတွက်ကြောင့် ရပ်နားပေးထားကြဖို့အရေးပေါ်ထုတ်ပြန်တာပါ” ဟု Thabeikkyin Revolution(TR) တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီသည် ကားလမ်းကြောပေါ်ရှိ မော်တော်ယာဉ်များအားချောဆွဲပြီး ပြည်သူများအား ဓားစာခံ ပြုလုပ်နေသဖြင့် ပြည်သူများထိခိုက်မည်စိုးရိမ်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ထိုသို့ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

“ သပိတ်ကျင်းရဲ့လက်ရှိအခြေအနေက စစ်မီးဝိုင်းနေတယ်။ ဒီရက်ထဲ ဒီဘက်တက်မလာကြတာအကောင်းဆုံးပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း သပိတ်ကျင်းမြို့နှင့် တစ်ဆက်တည်းရှိသော စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က မေလ ၂၅ ရက်နေ့ကစ၍ စစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးနေသောကြောင့် စဥ့်ကူးမြို့နယ်ရှိ ကြက်တူရွေး ၊ သဲအင်း ၊ ကျွန်းတော ၊ ကျွန်းကြီး ၊ ဟင်္သာမ ၊ ဆင်သေ စသည့် ကျေးရွာများမှ ဒေသခံဦးရေ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#သပိတ်ကျင်းမြို့နယ်

#လမ်းပိတ်

#အရေးပေါ်သတိပေးချက်ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly