မိုင်းလာရှင်းသော စစ်ကောင်စီတပ် မိုင်းထိပြီး ၅ ဦးသေဆုံး ဟုဆို

By ပါခွီး (မဇ္ဈိမ)
28 May 2023
မိုင်းလာရှင်းသော စစ်ကောင်စီတပ် မိုင်းထိပြီး ၅ ဦးသေဆုံး ဟုဆို

မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းထိ၍ ငါးဦးသေဆုံးခဲ့ကြောင်း The Brightness Monywa က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ၁၀ ဦးပါသော အဖွဲ့သည့် ပုံမှန်လာနေကျလမ်းမအတိုင်းမလာဘဲ တောလမ်းများမှ တဆင့်ပတ်ဝင်ပြီး မိုင်းရှာဖွေရှင်းလင်းစဉ် မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီကျော်တွင် မိုင်းထိ၍ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

“စစ်ကောင်စီတပ်သားတွေက ဘက်ထရီအိုးကို အရင်ဖြုတ်တယ်။ ကျနော်တို့က သူတို့လုပ်မဲ့အကွက်တွေ ကိုသိလို့ ဘက်ထရီအိုးအောက်မှာ ကြွမိုင်းသုံးလုံးဆင်ထားတယ်။ ဘက်ထရီအိုးလည်းအမ ကြွမိုင်းကွဲပြီး ငါးယောက်ပွဲချင်းပြီး သေသွားတာ” ဟု The Brightness Monywa မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြော သည်။

အဆိုပါတိုက်ခိုက်မှုကို The Brightness Monywa နှင့်အတူ Peace Takers Task Force (PTTF) ၊ Youth’s People Defence Force ၊ အရိပ်မဲ့တစ္ဆေနှင့် Monywa Ninja Team တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျန်စစ်ကောင်စီတပ်သားများသည် နောက်ကြောင်းပြန်လှည့်သွားပြီး အင်အား ၁၅ ဦးခန့်ဖြင့် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာကြောင်း ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်သားများသည် လမ်းအသွားအလာပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းပြု လုပ်ကာ မိုင်းများဆက်လက်ရှာဖွေခဲ့ရာ ပဒေသာမိုင်းခုနစ်လုံးနှင့် မိုင်းအသေး ၁၂ လုံး ကာကွယ်ရေးတပ်ဖွဲ့ များမှ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးခံထားရသော ပြည်သူများကို နေပူထဲတွင်ဝပ်ခိုင်း၍ ရှာဖွေတွေ့ရှိ ထားသောမိုင်းများကို ရှော့တိုက်၍ ဖောက်ခွဲပစ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲများအနေဖြင့် ပဒေသာမိုင်းများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်နိုင်သော်လည်း ပြည်သူများအနီးတွင်ရှိသဖြင့် မတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

၎င်းအပြင် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်လိုသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ များတွင် သေနတ်အစစ်မရှိသည့်အပြင် ပြည်သူများထိခိုက်မည်စိုးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲများတွင် ရန်ပုံငွေချို့တဲ့နေသဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ အသွားအလာများပြားနေ၍ အရေးပေါ်ကိစ္စများမှအပ သွားလာခြင်းမပြုကြပါရန် ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မုံရွာ-မန္တလေးလမ်း

#မိုင်းနင်းမိ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly