မုန်တိုင်းကြောင့် သေဆုံးဦးရေ အာဆီယံ ထုတ်ပြန်ချက်က စစ်ကောင်စီ၏ နှုန်းထားနှင့် တူ

မုန်တိုင်းကြောင့် သေဆုံးဦးရေ အာဆီယံ ထုတ်ပြန်ချက်က စစ်ကောင်စီ၏ နှုန်းထားနှင့် တူ
Photo-EPA

သဘာဝဘေး စီမံခန့်ခွဲမှု လူသားချင်း စာနာထောက်ထားရေး အကူအညီဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA) ၏ မေ ၂၄ ရက်က ထုတ်ပြန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းအတွင်း သေဆုံးသူဦးရေ ဖော်ပြချက်သည် စစ်ကောင်စီက ကြေညာသည့် နှုန်းထားနှင့် အတူတူပင် ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၈ ဦး သေဆုံးသည်ဟု အာဆီယံ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီကလည်း မေ ၁၈ ရက်က ကြေညာရာတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၅ ဦး သေဆုံးသည် ဆိုထားပြီး ၄၀၀ ကျော်ထက်မနည်း သေဆုံးသည်ဆိုခြင်းကို ငြင်းဆန်ထားသည်။

AHA စင်တာ၏ အစီရင်ခံစာသည် အခြားသော ရင်းမြစ်များ၊ အစိုးရဌာနများ၊ လူသားချင်း စာနာထောက်ထားရေးနှင့် မိတ်ဖက်အဖွဲ့များနှင့် သတင်းဌာနများမှ ကောက်ယူထားသည်ဟု သိရသည်။

အဆိုပါ အစီရင်ခံစာအရ ဆိုင်ကလုန်းကြောင့် သေဆုံးသူ ၁၄၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၃၁ ဦးနှင့် ပျက်စီးသည့် အဆောက်အအုံပေါင်း ၂၉၈,၆၃၅ ရှိကြောင်း၊ မုန်တိုင်းဒဏ် ကြုံရသည့် အိမ်ထောင်စုပေါင်း ၂၈၂,၀၀၀ မှ လူပေါင်း ၁ ဒသမ ၃၃ သန်း ရှိပြီး ဘေးကင်းရာ ရွှေ့ပြောင်းရသူပေါင်း ၉၁၂,၂၇၇ ဦး ရှိကြောင်း ဖော်ပြထားသည်။ ထို ဦးရေတွင် ၂၃၃,၀၀၀ သာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။

မုန်တိုင်းကြောင့် အဆောက်အအုံနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးမှု ခန့်မှန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် ရှိသည်။ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ရသေ့တောင်မြို့များတွင် အဆောက်အအုံပေါင်း၏ ၈၀ မှ ၉၀ ရာခိုင်နှုန်း မုန်တိုင်းကြောင့် ပျက်စီးသည်။

ကယ်ဆယ်ရေးအကူအညီ စုစုပေါင်း ဒေါ်လာ ၁၆၈,၀၀၀ က ရန်ကုန်သို့ ရောက်ရှိပြီး မလေးရှားနှင့် ထိုင်းသို့မှ အကူအညီများ ရောက်လာဦးမည်ဖြစ်ကြောင်း AHA ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းအား အရေးပေါ် တုံ့ပြန်ရန် အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း ကြေညာထားသည်။

၂၀၂၃ မေ ၁၉ ရက်အထိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူများသို့ အရေးပေါ် အကူအညီ ကျပ်ငွေ ၈၄ သန်းဖိုး ထောက်ပံ့ထားကြောင်း NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် သဘာဝဘေး စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကြေညာသည်။

တရားဝင် သေဆုံးနှုန်းကို NUG ကလည်း ငြင်းဆန်ထားသည်။ သေဆုံးသူ ဦးရေသည် ၂၀၀ ရှိသည်ဟု အတည်ပြုရပြီး ၂၀၀ ကျော် ပျောက်ဆုံးနေသည်ဟု NUG ၏ လူ့အခွင့်အရေး ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက CGS သတင်းဌာနသို့ ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသည်။

မဇ္ဈိမအနေဖြင့် စာရင်းများကို စစ်ဆေးနိုင်ခြင်း၊ အတည်ပြုနိုင်ခြင်း မရှိပေ။

https://www.mizzima.com/article/asean-cyclone-casualty-figures-similar-myanmar-junta-figures

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly