ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်း၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထောက်ခံရန် သမ္မတဗောလော်ဒီမာဇီလန်စကီက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီအား တောင်းဆိုလိုက်သည်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် မကြာသေးမီက ပြီးစီးသွားခဲ့သည့် ဂျီ-၇ ထိပ်သီးအစည်းအဝေး၏ သီးသန့်တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး အစီအစဉ်အား ဇီလန်စကီးက မိုဒီသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုပြုချက်ကို အိန္ဒိယအစိုးရက စဉ်းစားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဝင်ရောက်ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ဇီလန်စကီးက မိုဒီအား ယူကရိန်းသို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့သည်။ နှစ်ဘက်တွေ့ဆုံရာတွင် ယူကရိန်းတွင် ရွှေ့ပြောင်းနိုင်သည့် ဆေးရုံလိုအပ်ချက်နှင့် မြေမြှုပ်မိုင်းများ ဖယ်ရှားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးက Telegram post တစ်ခုတွင် ပြောကြားခဲ့သည်။
မိုဒီက စစ်သည် လူသားတို့၏ တန်ဖိုးနှင့် သက်ဆိုင်သောကြောင့် သူ့အနေဖြင့် ကူညီရန် လိုလားကြောင်း ဇီလန်စကီးကို ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် ယူကရိန်းပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ‘တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်နည်းလမ်း’ ကို ထောက်ခံအားပေးကြောင်း ဇီလန်စကီးကို ပြောကြားခဲ့သည်ဟု မိုဒီက သူ၏ တွစ်တာပို့စ်တစ်ခုတွင် ယခင်က ရေးသားခဲ့သည်။
စစ်ပွဲ စတင်ဖြစ်ပွားချိန်ကပင် အိန္ဒိယဝန်ကြီးချုပ်က ရုရှားနှင့် ယူကရိန်း သမ္မတ နှစ်ဦးစလုံးကို ဖုန်းဖြင့် အကြိမ်များစွာ ဆက်သွယ်က သဘောထားကွဲလွဲမှုများကို တွေ့ဆုံ ဆွေးနွေးရေး၊ သံတမန်နည်းလမ်းတို့ဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။
Zelensky seeks PM Modi’s support for Ukrainian peace proposal to end war
https://www.hindustantimes.com/india-news/pm-narendra-modi-volodymyr-zel...