လွှတ်တော်မှ ဆန္ဒပြထွက်ခွာသည်မှာ ကောင်းသောလက္ခဏာ မဟုတ်ဟု ANP ပါတီခေါင်းဆောင်များဝေဖန်

လွှတ်တော်မှ ဆန္ဒပြထွက်ခွာသည်မှာ ကောင်းသောလက္ခဏာ မဟုတ်ဟု ANP ပါတီခေါင်းဆောင်များဝေဖန်

ရန်ကုန် မတ် ၂၈ ။             ။ ယနေ့ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်တွင် NLD ပါတီမှ ဦးညီပုအား ဝန်ကြီးချုပ်အဖြစ် ကြေညာပြီးချိန် ရခိုင်အမျိုးသားပါတီ (ANP) အမတ်များအားလုံး ဆန္ဒပြ သပိတ်မှောက် ထွက်ခွာ ခဲ့ခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်ဟု ယင်းပါတီ၏ ခေါင်းဆောင်များက ဝေဖန် ပြောကြား ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရသော ANP ပါတီမှ ဝန်ကြီးချုပ်နေရာ မရဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ကြေညာပြီးသားဖြစ်သောကြောင့် ဆန္ဒ သဘောထား ဖော်ထုတ်မယ်ဆိုတာ    ကြိုသိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

''ဒီနေ့ မနက် စောစော အမတ်တွေ လွှတ်တော်တော့တက်မယ် အနက်ရောင်ကပ်ပြီးတက်မယ်၊ တနည်းပြောရရင် အဲ့ဒါ ဆန္ဒဖော်ထုတ်တာ ဒါကတော့ရသေးတယ်။ သပိတ်မှောက်ပြီး ထွက်လာတာ ကတော့ လွတ်တော်အနေနဲ့ အခက်အခဲဖြစ်သွားမယ်။ အခုလုပ်ရပ်က ကောင်းတဲ့လက္ခဏာမဟုတ် ဘူး။ မလုပ်သင့်ဘူး။'' ဟု ၎င်းက ဆိုသည်။

ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့ကို နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပရမည် ဖြစ်သော်လည်း ANP ပါတီဝင် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ နှင့် ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းတို့က ၁၀ နာရီ ၄၅ မိနစ်မှရောက်လာကာ  ပြည်နယ်ဝန်ကြီးချုပ်အဖြင့် ဦးညီပုကို ကြေညာအပြီး ANP လွှတ်တော်အမတ်များ အားလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမည်းရောင်စတစ်ကာ ကမ်ပိန်း (Black Sticker Campagin) ပြုလုပ်ပြီး လွှတ်တော်ခန်းမအတွင်းမှ သပိတ်မှောက် ထွက်ခွာ သွားခဲ့သည်။

ANP အမတ်များ အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာသွားခဲ့ကြပြီး ခန်းမထဲတွင် ကျန်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ဦးညီပုအား ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ကြသည်။

ANP က ဇန်နဝါရီ ၁၉ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သော  ကြေညာချက်အရ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နေရာကို ANP ပါတီဝင်အား ခန့်အပ်မှု မပြုလျှင် အစိုးရအဖွဲ့ကို အတိုက်အခံ လုပ်မည်ဟု ကြေညာထားပြီး ယင်းကြေညာချက် သဘောထားကို ဆက်လက်စွဲကိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောကြားသည်။

ပါတီ၏ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ယနေ့ကိစ္စနှင့်ပတ်သက်၍ ''အဲ့ဒါလွတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ လုပ်တာ။ သူက အမဲရောင်တပ်ပြီးဝင်ဖို့စည်းရုံးတယ်လို့ ဒီနေ့လွတ်တော်တက်တဲ့ လူတစ်ယောက်က ပြောတယ်။ လက်ရှိပြည်သူ့အကျိုးစီးပွား ကြည့်ရှုရမယ့် အချိန်မှာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမှာ ဒီလိုအတိုက်အခံလုပ်နေတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ 

ဒီလို မစ္ဆရိယစိတ်များနေတဲ့လူတွေဟာ ဘယ်တော့မှ မငြိမ်းချမ်းဘူး။ မျက်နှာပျက်စရာပေါ့။ နောက်တစ်ခုက ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ချမှ ပြည်နယ်အစိုးရက လုပ်ကိုင်လို့ရတာ။ ဒီပြည်နယ် ဝန်ကြီးချုပ်ကို ဘာလို့ မက်မက်မောမောဖြစ်နေတာလဲ၊ တို့ကတော့ တိုင်းပြည်နဲ့လူမျိုးအကျိုးရှိဖို့ဘဲစဉ်းစားတယ်၊ ပြည်နယ်ဝန်ကြီးက ဘယ်သူဘဲလုပ်လုပ်။'' ဟု မဇ္ဈိမသို့ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံသို့ ညနေ ၃ နာရီက ဆက်သွယ်မေးမြန်းရာ မအားသေးပါဟု အခြားတစ်ဦးကဖြေကြားသည်။ု

ရန်ကုန်ရောက်ရှိနေ၍ ယနေ့ ရခိုင်က မြင်ကွင်းကို မသိသေး ကြောင်း ရခိုင်ဖက်မှ ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းလျှင် ပိုကောင်းကြောင်း ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP က (၂၃) နေရာဖြင့် အများစု ရှိနေပြီး NLD က (၈) နေရာ၊ ရခိုင်တိုင်းရင်းသား (၁) နေရာ၊ ကြံ့ခိုင်ရေး (၃)၊ တပ်မတော်ကိုယ်စားလှယ် (၁၂) နေရာ ရှိသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံး ယှဉ်ပြိုင်သည့်ပါတီများထဲမှ တတိယအများဆုံး (၁၁) နေရာ၊ ၂၀၁၀ တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက တတိယအများဆုံး (၃၅) နေရာ၊ ၂၀၁၅ တွင် ယင်းနှစ်ပါတီပေါင်းထားသည့် ရခိုင်အမျိုးသားပါတီက တတိယအများဆုံး (၄၅) နေရာအနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly