ရန်ကုန်မြို့တစ်နေရာတွင် Sc Strike က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
25 May 2023
ရန်ကုန်မြို့တစ်နေရာတွင် Sc Strike က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့တစ်နေရာတွင်  “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူသော  စာသားချိတ်ဆွဲပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ မေလ ၂၅ ရက်နေ့ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

စစ်အာဏာရှင်လက်ထက်တွင် ပြည်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးဆုံးရှုံးနေရသဖြင့်​ စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကျပ်နေသည့်ကြားက ထိုကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

“စစ်အာဏာရှင်ရဲ့လက်အောက်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ၊ ဘဝရှင်သန်ရေးတွေ အားလုံးဆုံးရှုံးနေပါတယ်။ မဟုတ်တာကို မဟုတ်ဘူး ၊ မကောင်းတာကို မကောင်းဘူးပြောရုံ ၊ ဝေဖန်ရုံနဲ့ အရပ်သားပြည်သူတွေဖမ်းဆီး ၊ နှိပ်စက်ခံရ၊ ထောင်ချခံရတယ်။ တချို့ဆို သတ်ဖြတ်တာခံရတယ် ။ လမ်းပေါ်သွားရင်းလည်း လူငယ်ဆိုတာနဲ့  ဖမ်းဆီး ၊ နှိပ်စက်ခံရတယ်။ ပြည်သူအားလုံးရဲ့ လွတ်လပ်ခွင့် ၊ ရပိုင်ခွင့်တွေအားလုံး ဆုံးရှုံးနေကြရပါတယ်။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌဖြစ်သူက မဇ္ဈိမ ကို ဖြေကြားသည်။ 

ပြည်သူတစ်ဦးတစ်ယောက်စီ၏ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သောနည်းလမ်းများဖြင့် မတရားဖိနှိပ်အုပ်ချုပ်နေခြင်းကြောင့်ဖြစ်သဖြင့် ပြည်သူလူထု၏ အာဏာ၊ အခွင့်အရေးများနှင့် လုံခြုံအေးချမ်းသော ဘဝနေထိုင်မှုအခြေအနေများကို နွေဦးတော်လှန်ရေးဖြင့် ပြန်လည်သိမ်းပိုက်ပြီး တော်လှန်ရေးတွင် တတ်နိုင်သည့်နေရာမှ အင်တိုက်အားတိုက် ပါဝင်ရန်ကိုလည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ အလေးအနက် တောင်းဆိုထားသည်။ 

“အဆိုပါလှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ၊လွတ်လပ်ခွင့် ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာကို ကိုယ်စားပြုတာဖြစ်ပြီး ဒီအခွင့်အရေးတွေပြန်ရဖို့နဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ပြည်သူအားလုံး ဒီတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တော်လှန်ပေးဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်သည်။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌဖြစ်သူက ထပ်မံပြောသည်။ 

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသဖြင့် အန္တရာယ်များပြီး အခက်အခဲများရှိသော်လည်း ရန်ကုန်သားများဟာ တော်လှန်လို့ရသည့်နည်းမျိုးစုံဖြင့် ဆက်လက်လှုပ်ရှားနေမှာဖြစ်ပြီး ဘယ်တော့မှ သွေးအေးမည်မဟုတ်ကြောင်းလည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required