မိုခါမုန်တိုင်း ကူညီကယ်ဆယ်မှုများကို တားဆီးခြင်းမပြုဘဲ လမ်းဖွင့်ပေးရန် စစ်ကောင်စီကို ကုလ တိုက်တွန်း

မိုခါမုန်တိုင်း ကူညီကယ်ဆယ်မှုများကို တားဆီးခြင်းမပြုဘဲ လမ်းဖွင့်ပေးရန် စစ်ကောင်စီကို ကုလ တိုက်တွန်း
Photo-AFP

မြန်မာနိုင်ငံ၌ ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်သင့် ဒေသများထံ အသက်ကယ်အကူအညီများ အသေအချာ ရောက်ရှိနိုင်စေရန်နှင့် အကူအညီပေးမှု လမ်းကြောင်းများကို ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို မေလ ၂၄ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံထားရစဉ် အကူအညီ လိုအပ်မှုများနှင့်ပတ်သက်ပြီး အကဲဖြတ်ချက်များကို ဆက်လက်လုပ်ဆောင်စေရေး နိုင်ငံ၏ အာဏာသိမ်းစစ်အုပ်စုဘက်က ခွင့်ပြုပေးရန် ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗောလ်ကာ တာ့ခ်က တိုက်တွန်းပြောကြားသည်။

မိုခါ မုန်တိုင်းသည် မေလ ၁၄ ရက်က မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးကြီးခြင်း၊ လေပြင်းထန်ခြင်းတို့ကို ဖြစ်စေခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာအထိ ရှိခဲ့သည်။ မုန်တိုင်းကြောင့် အဆောက်အအုံများ ပြိုပျက်ပြီး လမ်းများတွင်လည်း မြစ်သဖွယ် ရေလွှမ်းမိုးမှုများကို ဖြစ်စေခဲ့သည်။

“ထိခိုက်ပျက်စီးမှုတွေနဲ့ အသက်တွေ ဆုံးရှုံးရမှုဟာ ကြိုတင်သိမြင်နိုင်ပြီး မဖြစ်အောင် ကြိုပြီး တားဆီးလို့ ရနိုင်ခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အကွက်ကျကျ ငြင်းပယ်ပိတ်ပင်ခံရမှုနဲ့ ရှင်းရှင်းလင်းလင်း ဆက်နွယ်နေပါတယ်” ဟု တာ့ခ်က ဂျီနီဗာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“စစ်တပ်အနေနဲ့ မုန်တိုင်းဒဏ်သင့် နေရာတွေဆီ အကူအညီပေးရေး သွားလာမှုတွေအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖယ်ရှားပေးဖို့၊ အကူအညီလိုအပ်ချက် အကဲဖြတ်ချက်တွေ လုပ်ခွင့်ပြုဖို့နဲ့ အသက်ကယ် အကူအညီတွေနဲ့ ထောက်ပံ့မှုတွေ ဖြန့်ဝေမှုနဲ့ အကူအညီတွေ ရောက်ရှိစေမှုတို့ကို သေချာအောင် လုပ်ဖို့ အလွန်အရေးကြီးပါတယ်”

မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ဖိစီးနှိပ်စက်ခံ ရိုဟင်ဂျာ လူနည်းစုမှ အများစု အပါအဝင် လူ ၁၄၈ ဦး သေဆုံးကြောင်း မြန်မာစစ်ကောင်စီက ထုတ်ပြန်ထားသည်။

“မြန်မာအာဏာပိုင်တွေ (စစ်တပ်) ဟာ ဆယ်စုနှစ်များစွာကြာ ရိုဟင်ဂျာတွေကို သူတို့ရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ခံစားခွင့်မပေးဘဲ ပိတ်ပင်ထားခဲ့သလို အခြား တိုင်းရင်းသားအစုအဖွဲ့တွေကိုလည်း မညှာမတာ တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ရဲ့ ရှင်သန်ရပ်တည်နိုင်စွမ်းကို ထိခိုက်လျော့ပါးစေပါတယ်” ဟု တာ့ခ်က ပြောသည်။

ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာ သိန်းချီ ရှိရာ နေရာဖြစ်ပြီး အဆိုပါ ရိုဟင်ဂျာများအနက် အများအပြားသည် ဆယ်စုနှစ်များကြာ လူမျိုးစု ပဋိပက္ခ ဖြစ်ပြီးနောက် နေရပ်စွန့်ခွာမှု ကမ့်စခန်းများတွင် နေထိုင်နေကြရသည်။

“မူလနေရပ် စွန့်ခွာခဲ့ကြရတဲ့ အစုအဖွဲ့တွေဟာ ၂၀၁၂ နောက်ပိုင်းလောက်ကတည်းက ယာယီ ဝါးတဲ အဆောက်အအုံတွေမှာပဲ နေထိုင်နေခဲ့ကြရပါတယ်။ ရေလွှမ်းမိုးမှုတွေ ဖြစ်လွယ်တဲ့ ဧရိယာတွေမှာ ပိုပြီး ရေရှည်စိတ်ချရတဲ့ နေထိုင်မှု အခြေအနေတွေ ထူထောင်တည်ဆောက်မယ့် လူသားချင်း စာနာမှု အေဂျင်စီတွေရဲ့ ပန်ကြားချက်တွေကို မြန်မာစစ်တပ်က ထပ်တလဲလဲ ငြင်းဆန်ခဲ့ပါတယ်” ဟု တာ့ခ်က ပြောသည်။

“ကျွန်တော် မြန်မာနိုင်ငံကို သွားတဲ့ ခရီးစဉ် အများအပြားမှာ ဒါကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အရှေ့ပိုင်းမှာပေါ့။ သူတို့ဟာ ဒီ ဆိုင်ကလုန်း မတိုင်ခင် ကာလတွေအပါအဝင် ရိုဟင်ဂျာတွေရဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်အပေါ် အဆက်မပြတ် တားဆီးထားခဲ့ပါတယ်”

မြန်မာနိုင်ငံ၌ ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်သင့် လူပေါင်း ၁ ဒသမ ၆ သန်းအတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက မေလ ၂၃ ရက်တွင် တောင်းခံခဲ့သည်။

UN urges Myanmar junta to open up to Cyclone Mocha relief
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required