ထိုင်ဝမ်ထိန်းချုပ်သည့် ကျွန်းများအနီး ငါးခိုးဖမ်းသည့် တရုတ်ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ဖမ်းဆီး

ထိုင်ဝမ်ထိန်းချုပ်သည့် ကျွန်းများအနီး ငါးခိုးဖမ်းသည့် တရုတ်ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ဖမ်းဆီး

တိုင်ပေ၊ မတ် ၂၈ ။              ။ အငြင်းပွားတောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်က ထိန်းချုပ်ထားသော ပရာတပ်စ်ကျွန်းများ အနီးတစ်ဝိုက် သန္တာကောင်များနှင့် မျိုးတုံးအန္တရာယ်ရှိ လိပ်များကို တရားမဝင် ဖမ်းဆီးနေမှုအတွက် တရုတ်ငါးဖမ်း သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်သည်ဟု ထိုင်ဝမ်၏ ဗဟိုသတင်းအေဂျင်စီက ကမ်းရိုးတန်း အစောင့်တပ်အုပ်ချုပ်ရေးအဖွဲ့ (CGA) ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တရုတ်ငါးဖမ်းသင်္ဘောတစ်စင်း ကျွန်း၏ ရေပြင်များတွင် ငါးခိုးဖမ်းနေသည်ကို တွေ့ရှိခဲ့သည်ဆိုသည့် ယခုသီတင်းပတ် အစောပိုင်းက သတင်းပေးပို့ချက်တစ်ခုအရ ကမ်းရိုးတန်းအစောင့်တပ်သည် တန် ၃,၀၀၀ရှိ ကောင်းရှန် ကင်းလှည့်သင်္ဘောနှင့် တန် ၁၀၀ရှိ ကင်းလှည့်သင်္ဘော ၃ စင်းကို အဆိုပါဧရိယာသို့ လွန်ခဲ့သည့် အင်္ဂါနေ့က စေလွှတ်ခဲ့သည်ဟု CGA ကပြောကြားခဲ့သည်ဟု မတ် ၂၇က သတင်းတွင် ဖော်ပြသည်။

ကင်းလှည့်သင်္ဘောများသည် တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို တုံးရှာဟုလည်းခေါ်ဆိုသော ပရာတပ်စ်ကျွန်း၏ တောင်ဘက် ရေမိုင် ၇ဒသမ၅မိုင်အတွင်း တွေ့ရှိခဲ့သည်။ ယင်းကျွန်းကို တရုတ်ကလည်း ပိုင်သည်ဟု ပြောကြားထားသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က အဆိုပါ သင်္ဘောကို ထိန်းချုပ်လိုက်ပြီးနောက် ယင်းသင်္ဘောပေါ်မှ သန္တာကောင်မျိုးစိတ် ၂၁ ခု၏အလေးချိန် ၁၅,၀၀၀ကီလိုဂရမ်၊ အခွံမာရေသတ္တဝါ ၄၀၀ ကီလိုဂရမ်နှင့် မျိုးတုံးအန္တရာယ်ရှိ ပင်လယ်လိပ်စိမ်း သုံးကောင်တို့အပြင် သင်္ဘောပေါ်ရှိ ငါးများကို သတ်သည့် အဆိပ်ရှိ ဓါတုပစ္စည်း ကီလိုဂရမ် ၄၀တို့ကို တွေ့ရှိခဲ့သည်။ ကမ်းရိုးတန်းအစောင့်တပ်က ယင်းငါးဖမ်း သင်္ဘောနှင့် သင်္ဘောပေါ်ပါသူ ၄၁ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းရန် ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှန်သို့ ခေါ်သွားခဲ့သည်ဟု CGA က ပြောသည်။ ၎င်းတို့အားလုံး ထိုင်ဝမ်တွင် တရားစွဲ ခံရနိုင်သည်။

ပိုင်နက်ဧရိယာအတွင်းသို့ ကျော်နင်းဝင်ရောက်လာသော တရုတ်ငါးဖမ်းသင်္ဘောများကို ဆက်လက်နှိမ်နင်းသွားမည်ဟု အေဂျင်စီက ပြောသည်။ ပရာတပ်စ်ကျွန်းများတွင် ပရာတပ်စ်ကျွန်းမကြီးနှင့် ဒီရေမြင့်တက်ချိန် ရေအောက်မြုပ်နေသည့် သန္တာကျွန်းတန်းနှစ်ခုပါသည်။ ၎င်းကျွန်းများမှာ တောင်တရုတ်ပင်လယ်၏ မြောက်ပိုင်း ထိုင်ဝမ်၏အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်တွင်တည်ရှိသည်။ ၎င်းကျွန်းများကို ထိုင်ဝမ်က အုပ်ချုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly