လျှပ်စစ်မီးပြတ်တောက်မှုကိုဒေါသတကြီးဝေဖန်သည့် ဟစ်ဟော့အဆိုတော်ဗျူဟာ ဖမ်းဆီးခံရ

By ရောင်နီ (မဇ္ဈိမ)
24 May 2023
လျှပ်စစ်မီးပြတ်တောက်မှုကိုဒေါသတကြီးဝေဖန်သည့် ဟစ်ဟော့အဆိုတော်ဗျူဟာ ဖမ်းဆီးခံရ

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်စွာဖြစ်ပွားပြီးနောက် ဒေါသထွက်ကာ စစ်ကောင်စီနှင့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးကို လူမှုကွန်ယက်ပေါ်မှတဆင့် ဆဲဆိုဝေဖန်ခဲ့သည့် ဟစ်ဟော့အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်‌လော်ဘီများက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။

အဆိုတော်ဗျူဟာကို ယမန်နေ့ မေလ ၂၃ ရက် ညပိုင်းက ၄င်းနေထိုင်ရာ မြောက်ဒဂုံမြို့နယ် ဗထူးအိမ်ရာရှိ နေအိမ်အတွင်း စစ်ကောင်စီတပ်က ၀င်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဟု သိရသည်။

မေလ ၂၃ ရက် ညနေ ၂နာရီခန့်က အဆိုတော်ဗျုဟာ၏ လူမှုကွန်ယက်စာမျက်နှာ Byuhar ဗ တွင် “ ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြားခွဲတန်းနဲ့ ပေးတာတောင် ‌သောက်ဖြစ်ရှိအောင် မပေးနိုင်တဲ့ကောင်တွေကို မီးပျက်လို့ ဆဲတယ်ကွာ။ ဗထူးအိမ်ရာ ၂၊ ၄၈ ရပ်ကွက်၊ မြောက်ဒဂုံ” စသည့် စာသားနှင့် အတူ ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ လက်ထက်က လျှပ်စစ်မီးရရှိမှုအခြေအနေများဖြင့် နှိုင်းယှဥ်ကာ စစ်ကောင်စီ၏လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ပြစ်တင် ဝေဖန်ထားသည်။

" သခင်အားရ ကျွန်ပါးဝကောင်တွေ အများကြီးပဲ"

ဟု အဆိုတော် ဗျူဟာက ယင်းဗီဒီယိုဖိုင်တွင် ပြောထားသည်ကို တွေ့ရသည်။

၄မိနစ်ခန့်ကြာသည့် ယင်းဗီဒီယိုဖိုင်သည် လူမှုကွန်ရက်သုံးစွဲသူများနှင့် ၎င်း၏ ပရိတ်သတ်များကြား အလွန်ပျံ့နှံ့ခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးမည်ကို စိတ်ပူကြောင်းလည်း မှတ်ချက်ပြုထားကြသည်။

ထိုဗီဒီယိုဖိုင်လွှင့်တင်ပြီးနောက်တွင်လည်း အဆိုတော်ဗျူဟာကို ဖမ်းဆီးပေးရန် စစ်ကောင်စီ၀ါဒဖြန့် တယ်လီဂရမ်ချန်နယ်များက တိုက်တွန်းမှုများ ရှိခဲ့သည်။ ထို့နောက် ယင်းနေ့ ညပိုင်းတွင်ပင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။အဆိုတော် ဗျူဟာကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စစ်ကောင်စီ၀ါဒဖြန့် ယ်လီဂရမ်ချန်နယ်များက ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြထားသည်။

" ကိုဗျူဟာကို မြောက်ဒဂုံက သူ့နေအိမ်မှာ မနက်က စစ်သားနဲ့ရဲတွေလာရောက်ခေါ်ဆောင်သွားပါတယ်။အခုထိ ဘယ်ကိုခေါ်သွားလဲ သေချာမသိရသေးပါဘူး။ လာခေါ်တဲ့အချိန်မှာ အေးဆေးစကားပြောတာတောင် ထိုးကြိတ်သွားသေးတယ်လို့ သူ့ဇနီးဆီကတဆင့် သိရပါတယ်" ဟု အဆိုတော်ဗျူဟာ၏ ညီ မင်းရဲမြန်မာ၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ယနေ့ညနေ ၃နာရီခန့်က တင်ထားသည်ကို တွေ့ရသည်။

အဆိုတော်ဗျူဟာ ဖမ်း‌ဆီးခံရသည့် သတင်းထွက်ပေါ်လာပြီးနောက် ၎င်းအတွက် စိုးရိမ်ကြောင်း ပရိတ်သတ်များက မှတ်ချက်ပြုရေးသားနေကြသည်။

" အနာပေါ်ကျလို ထိစပ် လောင်မြိုက်နေကြတာ။ ယောကျ်ာကြီးတွေဖြစ်ပီး မြင်မကောင်းဘူးဟယ်။

အမှန်တရားကို အပြောတောင်မခံတာ စဥ်းစားသာကြည့်ကြပါတော့" ဟု ပရိတ်သတ်တစ်ဦးက ရေးသားထားသည်။

ပရိတ်သတ်တစ်ဦးကလည်း" ဖမ်းသွားပြီတဲ့။ အမှန်တရားတွေ ပြောခွင့်မရှိတဲ့ ငါတို့တိုင်းပြည်။

အမှန်တရားတွေ ခါးသီးလွန်းတဲ့ငါတို့တိုင်းပြည်။

အမှန်တရားတွေအတွက် စတေးခံနေရတာ ခါးသီးလွန်းပါတယ်" ဟု ရေးသားထားသည်။

မြောက်ဒဂုံတွင် နေထိုင်သော အငြိမ်းစားအရာရှိတစ်ဦးက လျှပ်စစ်မီးပြတ်တောက်မှုသည် အလွန်ဆိုးရွားနေပြီး လျှပ်စစ်ရုံးသို့ ဖုန်းဆက်ခေါ်ပြီး ‌ငွေပေးမှ မီးပေးသည့် အခြေအနေဖြစ်နေကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ နောက်ဆက်တွဲအခြေအနေကို သိရှိနိင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုတော်ဗျုဟာသည် နာမည်ကြီးတေးရေးဆရာနိုင်မြန်မာ၏ သားဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima

#ဟစ်ဟော့အဆိုတော်ဗျူဟာ

#စစ်ကောင်စီ

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly