မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

By မင်းထက် (မဇ္စျိမ)
24 May 2023
မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက   စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် (အုန်းကုန်းရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မေလ၂၃ရက်ညနေ၆ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ လယ်ထဲသို့ သွားစဥ် ဓားထိုးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

" သူကအုပ်ကြီး(အုပ်ချုပ်ရေးမှူး) အသစ်ပါ။အုပ်ကြီးဖြစ်တာလပိုင်းပဲရှိသေးတယ်။ မနေ့ကညပိုင်း လယ်ထဲသွားတဲ့အချိန် စကေဘာနဲ့အထိုးခံရပြီး ပွဲချင်းပြီးသေတယ်လို့သိရတယ်။ ဓားနဲ့ထိုးခံရတာဆိုတော့ PDF လက်ချက်တော့မဖြစ်နိုင်ဘူး"ဟု  မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။

ဦးကျော်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။

ဦးကျော်ဝင်း၏ ရုပ်အလောင်းအား ဒေသခံများက  ည ၇ နာရီခန့်တွင် လယ်ကွင်းထဲ၌  တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ယင်းနေ့ညတွင် လာရောက်စစ်ဆေးခြင်းမရှိခဲ့ဘဲ ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှသာ  အင်အားခြောက်ဦးပါ စစ်ကောင်စီတပ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။

" အမှုဖြစ်လည်း ရဲတွေက မလာရဲတော့ဘူး။ သူတို့အတွက် ဒေသခံတွေက လုံခြုံရေးပြန်ယူပေးမှ လာရဲတာ"ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။

ဦးကျော်ဝင်း သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ အင်္ဂပူမြို့ နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့အားဆက်သွယ်မေးမြန်းရာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required