မြန်မာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံ

မြန်မာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံ
Photo-AFP

မြန်မာနိုင်ငံအတွင်း တိုက်ခတ်သွားသော အသေအဆုံးများသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း သက်ရောက်မှု ရှိသော ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကို ကုလသမဂ္ဂက တောင်းခံသည်။

မိုးရာသီအကြို ခိုလှုံရာနေရာ၊ ဆေးဝါးအထောက်အပံ့၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော ရေတို့ ထောက်ပံ့ကူညီရန် ဒေါ်လာ ၃၃၃ သန်း ရရှိရေး ကြိုးစားနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရာရုံးက အင်္ဂါနေ့တွင် ပြောသည်။

“သက်ရောက်မှု ရှိတဲ့ အသိုင်းအဝိုင်း အကုန်လုံးအတွက် ဘေးကင်းတဲ့ ခိုလှုံရေးနေရာတွေ ပေးနိုင်ဖို့နဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ပြန့်နှံ့မှာကို တားဆီးဖို့ ကျွန်တော်တို့ အချိန်နဲ့အညီ လုံးပမ်းနေရတယ်”ဟု ဒေသခံနှင့် လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူး ရာမာနာသန် ဘာလာကရစ်နန်က ထုတ်ပြန်ချက်၌ ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွက် လူသားချင်း စာနာထောက်ထားရေး အစီအစဉ်အားလုံးမှ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိပြီး ဒေါ်လာ ၁၂၂ သန်းမှာ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုသစ်များကို ပံ့ပိုးမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြသည်။

ရခိုင်က အသိုင်းအဝိုင်းများသို့ ကူညီကယ်ဆယ်ရေးများ ဖြန့်ဝေရန် အဆိုပြုထားသော အရေးပေါ်ရန်ပုံငွေကို မကြာခင် ရရှိလိမ့်မည်ဟု ကုလသမဂ္ဂက မျှော်လင့်ထားကြောင်း ဘာလာကရစ်နန်က နောက်ပိုင်း၌ သတင်းထောက်များအား ပြောသည်။

ရန်ပုံငွေ ချို့တဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများက ရိုဟင်ဂျာ တစ်သန်းနီးပါးအအတွက် စားနပ်ရိက္ခာ အကူအညီကို သုံးလအတွင်း နှစ်ကြိမ်တိုင် လျှော့ချလိုက်ရသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက တနင်္လာနေ့၌ ပြောလာပြီးနောက် ယခု အရေးပေါ် ရန်ပုံငွေကို တောင်းခံလာခြင်းလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ တစ်သန်းနီးပါး နေထိုင်နေရာ ပြန့်ကျဲနေသည့် ဒုက္ခသည်စခန်းများအနီးမှ ဖြတ်သန်းသွားသော ဆိုင်ကလုန်းမုန်တိုင်းအတွင်း တစ်ဦးတစ်ယောက်မျှ မသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာစစ်ကောင်စီက မုန်တိုင်းအတွင်း သေဆုံးသူ ၁၄၈ ဦး ရှိကြောင်း ပြောပြီး အများစုမှာ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ခံ ရိုဟင်ဂျာ လူနည်းစုများ ဖြစ်သည်။

မေ ၁၄ ရက်က မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်ကာ လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာ ရှိခဲ့ပြီး အဆောက်အအုံများ ပြိုကျကာ လမ်းများ ရေကြီးရေလျှံခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ရှိနေပြီး အများစုမှာ လူမျိုးရေး ပဋိပက္ခကြောင့် ရွှေ့ပြောင်းအိမ်ရာစခန်းများတွင် နေထိုင်နေကြရသည်။

၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုအတွင်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှု အတွေ့အကြုံများဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်။

၂၀၁၇ ဖြိုခွင်းမှုကာလ၌ စစ်တပ်ကို ဦးစီးနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် “လုပ်ဇာတ်” သာ ဖြစ်သည်ဟု ငြင်းပယ်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.trtworld.com/asia/un-seeks-dollar333m-emergency-funding-for-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required