မြန်မာ ကိုကိုးကျွန်းပေါ်က အခြေခံအဆောက်အအုံ ဖော်ဆောင်မှုကို အနက်ကောက်ခြင်း

By ရွှေရည်ဦး
23 May 2023
မြန်မာ ကိုကိုးကျွန်းပေါ်က အခြေခံအဆောက်အအုံ ဖော်ဆောင်မှုကို အနက်ကောက်ခြင်း

သူ့အတွေး သူ့အမြင်

မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်၌ ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ရှိနေကြောင်းကို ပြသနေသည့် Maxar Technologies ကုမ္ပဏီ၏ ၂၀၂၃ ၊ ဇန်နဝါရီလတွင် ထုတ်ပြန်သော ဂြိုဟ်တုဓာတ်ပုံများကြောင့် စိုးရိမ်ပူပန်မှုများနှင့် မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။ ကိုကိုးကျွန်းပေါ်တွင် အရှည်တိုးချဲ့ထားသော လေဆိပ် လေယာဉ်ပြေးလမ်းတစ်ခုနှင့် ယင်းနှင့်ကပ်လျက်၌ အကျယ်ချဲ့ထားသော လေယာဉ်ရုံသစ်နှစ်ခုတို့ကို ဂြိုဟ်တုဓာတ်ပုံများက ဖွင့်ဟပြသသည်။ လေယာဉ်ပြေးလမ်းသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အရှည် မီတာ ၁,၃၀၀ မှ ယခုအခါ အရှည် မီတာ ၂,၃၀၀ (၇,၅၀၀ ပေ) အထိ လောလောလတ်လတ် အရှည်တိုးချဲ့ထားပုံပေါ်ကြောင်းနှင့် လေယာဉ်ရုံသစ်များမှာလည်း ခန့်မှန်းခြေအားဖြင့် မီတာ ၄၀ မျှ တိုးချဲ့ထားပုံရသည်ဟု Chatham House မူဝါဒ အင်စတီကျူ့၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။ ဤ ဖော်ဆောင်မှု၏ ကျယ်ပြန့်သော သဘောသဘာဝကြောင့် တည်ဆောက်ဆဲဖြစ်သည့် ထိုအခြေခံအဆောက်အအုံ ဖော်ဆောင်မှုက အိန္ဒိယသမုဒ္ဒရာထဲ သံသယဖြစ်ဖွယ် စစ်ရေးချဲ့ထွင်မှုအတွက် တရုတ်၏ သူလျှိုအခြေစိုက်စခန်းတစ်ခုများလား ဆိုပြီး သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

 

ဘာကြောင့် တရုတ်လဲ

တရုတ်သည် ၁၉၈၀ နှောင်းပိုင်းကာလကတည်းက မြန်မာစစ်တပ်၏ မိတ်ဆွေ ဖြစ်နေခဲ့သည်။ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ် ကာလများတွင် မြန်မာအာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်မှုအတွင်း နိုင်ငံသည် သီးခြားအထီးကျန်နေခဲ့သည့် အချိန်တွင်တောင်မှ တရုတ်သည် မြန်မာစစ်အစိုးရကို အထောက်အကူပေးသည့် မိတ်ဖက်ပါတနာတစ်ဦးအဖြစ် ဆက်ရှိနေခဲ့သည်။ ၂၀၁၁ မှ ၂၀၂၀ အထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလအတွင်း အရပ်သားအစိုးရနှင့် သဟဇာတဖြစ်သည့် ဆက်ဆံရေး ရှိသော်လည်း တရုတ်သည် စီးပွားရေးနှင့် လုံခြုံရေး အကြောင်းတရားများအတွက် မြန်မာစစ်တပ်နှင့် ပိုမို နီးကပ်သည့် ဆက်ဆံရေးကို အမြဲတစေ ထိန်းထားချင်ခဲ့သည်။ မြန်မာတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုက မြန်မာစစ်တပ်၏ တရုတ်နှင့် ဆက်ဆံရေးကို အားကောင်းစေခဲ့ပြီး မြန်မာအပေါ် ပေကျင်း၏ ဩဇာလွှမ်းမိုးမှုကို တိုးမြင့်စေခဲ့ပုံရသည်။ ကိုကိုးကျွန်းပေါ်တွင် တရုတ် ထောက်လှမ်းရေး အခြေစိုက်စခန်းတစ်ခု ရှိသည် ဆိုပြီး နိုင်ငံတကာ လုံခြုံရေး အသိုက်အဝန်းအကြား ကာလကြာကတည်းက ကောလာဟလထွက်နေခဲ့သည်။ သို့သော် ဂြိုဟ်တု ဓာတ်ပုံများ ထုတ်ဖော်မှု မတိုင်မီ ကိုကိုးကျွန်းပေါ်၌ တရုတ်၏ တည်ရှိမှုကို သက်သေပြရန် အထောက်အထား မရှိသလောက်ဆိုသလို နည်းပါးခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ပျံ့နှံ့ဖြစ်ပေါ်နေသော မတည်မငြိမ်မှုများကြောင့် စစ်တပ်သည် တရုတ်မပါဘဲ ကိုကိုးကျွန်းပေါ်တွင် တည်ဆောက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အဆိုပါဝေးလံသည့် ကျွန်းပေါ်၌ လေဆိပ်တစ်ခုကို ဖော်ဆောင်ရန် လုပ်နိုင်စွမ်းနှင့် စိတ်ဆန္ဒက တရုတ်ထံတွင်သာ ရှိသည်။

ယင်းသို့ဆိုလျှင် ဘာကြောင့် တရုတ်က ယင်းကဲ့သို့သော အခြေခံအဆောက်အအုံမျိုးကို လူသိရှင်ကြားမဟုတ်ဘဲ သိုသိုသိပ်သိပ် ဖော်ဆောင်မှာလဲ။ ရေတို ဒါမှမဟုတ် ရေရှည်မှာ ပရောဂျက်ရဲ့ ရည်မှန်းချက်က ဘာလဲ။

ခါးပတ်လမ်း စီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခု မဟုတ်သော်လည်း ကိုကိုးကျွန်းပေါ်၌ ဖော်ဆောင်နေသည့် အခြေခံအဆောက်အအုံ ဖော်ဆောင်မှုက ကမ္ဘာ့ အခြားသောနေရာများရှိ BRI အောက်ရှိ အခြားပရောဂျက်များနှင့် သွားဆင်နေသည်။ ထိုပရောဂျက်များက မကြာခဏဆိုသလို အငြင်းပွားဖွယ်ရာနှင့် ဝေဖန်မှုတို့ကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ထို ပရောဂျက်များသည် သက်ဆိုင်ရာဒေသရှိ လူအစုအဖွဲ့များ၏ လိုအပ်ချက်များထက် တရုတ်၏ ဒေသဆိုင်ရာ စစ်ရေးနှင့် လုံခြုံရေး ရည်မှန်းချက်များကိုသာ ဖြည့်ဆည်းပေးသည် ဆိုပြီး ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

သာဓကအားဖြင့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယား၏ ခိုကောင်းပြည်နယ်၌ တရုတ်၏ Union Development Group က ငွေကြေးထောက်ပံ့သော ဒါရာ ဆာကော် လေဆိပ် ဖော်ဆောင်မှု စီမံကိန်းကို တွေ့ကြုံခဲ့သည်။ ခိုကောင်း ပင်လယ်ကမ်းခြေနံဘေး အပန်းဖြေနေရာသို့ ခရီးသွားများကို ဆွဲဆောင်ဖိတ်ခေါ်ရန် အလွန်တရာ ခက်ခဲခြင်းကြောင့် နိုင်ငံတကာ လေဆိပ်တစ်ခု ဖော်ဆောင်ခြင်းက ကျိုးကြောင်းဆီလျော်သည့် ဆုံးဖြတ်ချက်တစ်ခု မဟုတ်ခဲ့ပေ။ ကော်မာရှယ် ခရီးသည်တင်လေယာဉ်ကြီးများအတွက် နိုင်ငံတကာ လေဆိပ်တစ်ခု ဖော်ဆောင်မည့် မူလကနဦး အစီအစဉ်မှ သွေဖည်ပြီး ဒါရာ ဆာကော်သည် တိုက်လေယာဉ်များအတွက် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံတစ်ခု နှင့်အတူ ရှည်လျားသည့် ပြေးလမ်းတစ်ခု (၁၀,၅၀၀ ပေ) ကို ဖော်ဆောင်ခဲ့သည်။ ဒါရာ ဆာကော် ရင်းနှီးမြှုပ်နှံမှု ဇုန်သည် ကမ္ဘောဒီးယား၏ ပင်လယ်ကမ်းရိုးတန်း၏ ၂၀ ရာခိုင်နှုန်းကို လွှမ်းခြုံသလို ယင်းသည် ရီရမ် ရေတပ်အခြေစိုက်စခန်းအနီးတွင် တည်ရှိသည်။ ရီရမ် ရေတပ်အခြေစိုက်စခန်းသည် စခန်းကို အသစ်ပြုပြင်ရန် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအတွက် အပြန်အလှန်အားဖြင့် တရုတ်ထံ နှစ် ၃၀ အသုံးပြုခွင့်ပေးထားရသည်။ လေဆိပ်သည် အရပ်ဘက်အသုံးပြုရန်အတွက် ဖြစ်မည်ဟု စီမံကိန်းဖော်ဆောင်သူက ထုတ်ဖော်ကြေညာသော်လည်း တရုတ်အစိုးရသည် ၎င်းတို့၏ စစ်ရေးမဟာဗျူဟာအားဖြင့် ဒါရာ ဆာကော် လေဆိပ်မှ အကျိုးအမြတ်ရရှိလိမ့်မည် ဆိုပြီး ဆန်းစစ်ဝေဖန်မှုများ ရှိခဲ့သည်။

သီရိလင်္ကာ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေခဲ့သည့် နောက်ထပ် တရုတ် ကမကထပြုသော အခြေခံအဆောက်အအုံ ပရောဂျက်တစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်က သီရိလင်္ကာ အစိုးရအဖွဲ့ ဝန်ကြီးများ လက်မှတ်ထိုးသည့် လိုက်လျောမှု သဘောတူညီချက်တစ်ခု အောက်တွင် ဆိပ်ကမ်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို တရုတ် ကုန်သည်များ ဆိပ်ကမ်း ဦးပိုင် ကုမ္ပဏီ လီမိတက် (CM Port) ထံ ၉၉ နှစ်ကြာ ငှားရမ်းပြီး  ကျန် ၃၀ ရာခိုင်နှုန်းကို သီရိလင်္ကာ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ (SLPA) အောက်တွင် ရှိစေခဲ့သည်။ စီးပွားဖြစ် လုပ်ငန်းလည်ပတ်မှုများကို CM Port နှင့် SLPA တို့ ပူးတွဲ လည်ပတ်မည်ဟု ဆိုသော်လည်း ထိုဆိပ်ကမ်းသည် တရုတ် ကြွေးမြီထောင်ချောက်တစ်ခုအဖြစ် လက်ရှိအချိန်အထိ ရှုမြင်ခံရဆဲဖြစ်သည်။ နောက်ပြီး ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် နိုင်ငံ၏ ကျန်နေရာဒေသများနှင့် ချိတ်ဆက်မှု အားမကောင်းလှပေ။ ထို့အတွက်ကြောင့် ယင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရသည်။ အရှေ့အလယ်ပိုင်းမှ စွမ်းအင် တင်သွင်းမှုအတွက် မဟာဗျူဟာကျ တည်နေရာတစ်ခု ဖြစ်သည့်အတွက် တရုတ်သည် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို လုံခြုံရေး အခြေစိုက်စခန်းတစ်ခု ထူထောင်မည့် မူမမှန် အကြောင်းပြချက်တစ်ခုအဖြစ် ဖြစ်နိုင်ဖွယ်ရာ အသုံးပြုနိုင်သည်ဟု အကဲခတ်တချို့က ထင်မြင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly