မြန်မာပြည်သူတွေအတွက် တဖြည်းဖြည်း ကြီးထွားလာတဲ့ အန္တရာယ် | သတင်းသုံးသပ်ချက်

မြန်မာပြည်သူတွေအတွက် တဖြည်းဖြည်း ကြီးထွားလာတဲ့ အန္တရာယ် | သတင်းသုံးသပ်ချက်

စစ်ကောင်စီရဲ့ ကမ်းကုန်အောင် ယုတ်မာမှုဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေရတာ ကမ္ဘာကြီးက သိလျှက်နဲ့ နှစ်နှစ်ကျော်ကြာတဲ့အထိ ကူညီပေးနိုင်စွမ်းရှိသလောက် မကူညီဘဲ၊ ဝတ်ကျေတန်းကျေ သဘောမျိုးလောက်ပဲ အာရုံစိုက် လုပ်ဆောင်ပေးနေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။

စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF ၊ သူ့ကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို ပြန်လည်တိုက်ခိုက်ရာမှာ တိုက်ရိုက်သူထိစေချင်တဲ့ ပစ်မှတ်ကိုသာ တိုက်ခိုက်တာမဟုတ်ဘဲ၊ ထိချင်ရာထိ ရမ်းသမ်းတိုက်ခိုက်နေတာကြောင့် နှစ်နှစ်အတွင်းမှာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ဒါတွေကို အဖွဲ့အစည်းပေါင်းစုံက မှတ်တမ်းနဲ့တကွ စာရင်းပြုစုထားမှုကြောင့် အာဆီယံနိုင်ငံတွေသာမက၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း သိရှိထားပြီးဖြစ်ပါတယ်။

လက်တလော စစ်ကောင်စီရဲ့ ယုတ်မာမှုကို ပြရရင် KNU တပ်မဟာ ၁ နယ်မြေထဲမှာရှိတဲ့ ကျေးရွာချင်းဆက် လမ်းတွေကို ဘက်ဟိုးနဲ့ ထိုးကော်ဖျက်ဆီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

KNU တပ်မဟာ ၁ နယ်မြေထဲက သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာချင်းဆက်တဲ့ လမ်း ၄ လမ်းကို တစ်ပတ်အတွင်း စစ်ကောင်စီက ဘက်ဟိုးနဲ့ ထိုးကော် ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မေလ ၁၉ ရက်နေ့က သထုံနဲ့ ဘီးလင်း ခရိုင်ချင်းဆက် လမ်းမကြီးကိုလည်း မြေတူးစက်တွေနဲ့ လာရောက် ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်နေ့ ည ၇ နာရီကျော်လောက်ကလည်း စစ်ကောင်စီ တပ်တွေဟာ ကျိုက်ထိမြို့နယ်ထဲက ရွာချင်းဆက်လမ်းတွေကို ဘက်ဟိုးနဲ့ထိုးဆွ ဖျက်ဆီးသွားပါသေးတယ်။

အဲဒီလမ်းကို မဖျက်ဆီးခင် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀ လောက်နဲ့ ဖျက်ဆီးမယ့် လမ်းနေရာကို ရောက်လာပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၁၉ နဲ့ ၂၀ တို့မှာ ကျိုက်ထိုမြို့နယ် အာရှလမ်းမကြီးကနေ ဝင်းကလေးကျေးရွာဘက် အဝင်လမ်းနဲ့ ကင်းမွန်းစခန်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာချင်း ဆက်သွယ်ထားတဲ့ လမ်းတွေကို ဖျက်ဆီးခဲ့ ပါသေးတယ်။

မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်ချင်းဆက် လမ်းနဲ့ ကော့ကရိတ်မြို့နယ်ထဲ ဝင်ရောက်နိုင်တဲ့ ကျုံဒိုးမြို့နယ်တောင်ကြာအင်း တံထားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်းနဲ့ ကမိုင်ကုန်းလမ်းတွေကို စစ်ကောင်စီက ဘက်ဟိုးနဲ့ ထိုးခွဲ ဖျက်ဆီးခဲ့ပါသေးတယ်။

အဲဒီလို လမ်းတွေကို ဖျက်ဆီးတာဟာ စစ်ကောင်စီကို တိုက်နေတဲ့ ကာကွယ်ရေး တပ်တွေနဲ့ ပူးပေါင်း KNU တပ်တွေကို ဖြတ်လေးဖြတ်လုပ်ပြီး ပိတ်ဆို့ချင်တာ ဖြစ်ပေမယ့် လတ်တလော အဓိက အကျိုး သက်ရောက်တာက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ လမ်းတွေဟာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အဓိကထား အသုံးပြုနေရတဲ့ လမ်းတွေ ဖြစ်တာကြောင့် အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် သွားလာရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဈေးရောင်း၊ ဈေးဝယ်နဲ့ ကျန်းမာရေးအတွက် ဒေသခံတွေ အသုံးပြုနေရတဲ့ လမ်းတွေကို စစ်ကောင်စီ တပ်တွေက ဖျက်ဆီးတာဟာ ဖြတ်လေးဖြတ်လုပ်ပြီး သူတို့ရဲ့ ခုခံစစ် ပြုလုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပေမယ့် တော်လှန်ရေး အင်အားစုတွေအပေါ် ဘယ်လို သက်ရောက်မှုမျိုးမှ မရှိဘူးလို့ သထုံခရိုင် PDF တာဝန်ခံက မဇ္ဇျိမကို ပြောခဲ့ပါတယ်။

အခုအချိန်ဟာ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ရှိတဲ့ လမ်းတွေ၊ တံတားတွေ၊ အဆောက်အဦတွေ စတဲ့ အပျက်အဆီးတွေအတွက် ပြန်လည် တည်ဆောက်ရေးတောင် မစတင်နိုင်သေးတဲ့ ကာလဖြစ်ပါတယ်။

သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေအတွက် တည်ဆောက်ရေး လုပ်ငန်းတွေတောင် မစတင်နိုင်သေးခင်မှာ မပျက်စီးသေးတဲ့ ဒေသက လမ်းတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်သူအပေါ် ကမ်းကုန်အောင် ယုတ်မာနေတာပါ။

အာဆီယံအပါအဝင် နိုင်ငံတကာ အနေနဲ့ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုမလုပ်တာ၊ အရေးယူမှုလုပ်ဖို့ ကြန့်ကြာနေတာ၊ ဒါမှမဟုတ် အရေးယူမှု မလုပ်ချင်တာဟာ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့အန္တရာယ်ကို ဖန်တီးပေးနေသလို ဖြစ်နေကြောင်း ဖော်ပြလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly