KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး 

By YT  ( မဇ္ဈိမ)
23 May 2023
KNU တပ်မဟာ (၁) နယ်မြေရှိ ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

တပ်မဟာ(၁)နယ်မြေအတွင်းက သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်သွယ်ထားသော လမ်းများအား တစ်ပတ်အတွင်း လမ်းလေးခု ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

မေလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အား ဆက်သွယ်ထားသော  လမ်းမကြီးအား စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်က လုံခြုံရေးယူ၍ မြေတူးစက်များဖြင့် ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ 

"သထုံ၊ ဘီးလင်း ခရိုင်ချင်းဆက်လမ်း၊ ဇီးဝန်းဘုရားအနီးကပါ။ ဘီးလင်းမှာ ဖျက်ဆီးခံရတာက ဒါပထမဆုံးပါပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက် ည ၇ နာရီကျော်အချိန်ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်လမ်းခွဲမှ မဲရုံးလေးကျေးရွာ၊ ကျောက်ပုံကျေးရွာများဘက်သို့ သွားနိုင်သည့် လမ်းပိုင်းအား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးဆွဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ထိုလမ်းအား မဖျက်ဆီးမီ ညနေ ၆ နာရီခန့်တွင် အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ပုံကျေးရွာအနီးမှ ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

"ဘက်ဟိုးကို ကားနဲ့တင်လာပြီး လမ်းကိုဖျက်သွားတာ ။ လက်နက်ကြီးတွေလည်း တရစပ်ပဲ ပစ်တာ ၉ နာရီလောက်ထိကြားရတယ် " ဟု ၎င်းကပြောသည်။ 

ထို့အပြင် မေလ ၂၀ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ အာရှလမ်းမကြီးမှ ဝင်းကလောကျေးရွာဘက် အဝင်လမ်းပိုင်း၊ မေလ ၁၉ ရက်နေ့က ကင်မွန်းစခန်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာ ရွာချင်းဆက်လမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးများဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခံလိုက်ရသော လမ်းပိုင်းများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အဓိကထား အသုံးပြုနေရသော လမ်းများဖြစ်သဖြင့် ယခုကဲ့သို့ ဖျက်ဆီးခံလိုက်ရသည့်အတွက် သွားလာရေး အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦိးထံက သိရသည်။

"ပိုခက်ခဲသွားတာပေါ့ဗျာ။ ကျွန်တော်တို့ ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါ၊ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ ဒီလမ်းတွေပဲ သုံးရတာလေ။ အခုလို သုံးလမ်းလုံး ဖျက်ဆီးလိုက်တော့ ဘယ်လိုသွားကြမလဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ အများပြည်သူ အသုံးပြုသည့် လမ်းများအား ဖျက်ဆီးရခြင်းသည် ဖြတ်လေးဖြတ်ပြုလုပ်၍ ၎င်းတို့၏ ခုခံစစ်အား ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့ လမ်းများဖျက်ဆီးခြင်းကြောင့် တော်လှန်ရေးအင်အားစုများအပေါ်  မည်သို့မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မေလ ၂၁ ရက်က မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်းတို့အား စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ထိုးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required