မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရ

By ဂျူချန်း (မဇ္ဈိမ)
23 May 2023
မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ယမန်နေ့ မေလ ၂၂ရက်က ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်၌ သီရိမြိုင်ရပ်ကွက်၊ ဘုရားလမ်းဆုံထောင့်ရှိ ဆင်ဖြူတော်ရွှေဆိုင်တွင် ဆိုင်ကယ်မောင်းလာသည့် လူနှစ်ဦးသည် ဆိုင်အတွင်းသို့ ဝင်လာကာ အရောင်းကောင်တာရှိ အမျိုးသမီးနှစ်ဦးအား ဓားဖြင့် ခြိမ်းခြောက် ရိုက်နှက်ရာ ဆိုင်တွင်းရှိ အမျိုးသမီးများမှ ပြန်လည်ခုခံခဲ့သောကြောင့် ရွှေလက်ကောက်ထည့်ထားသည့် ဗန်းတစ်ချပ်ကိုယူကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

"နှစ်ယောက်ဝင်လုတာ။ နှစ်ယောက်စလုံးမှာ ဓားပါတယ်။ ကောင်မလေးတွေက ပြန်ရိုက်တယ်။ အဲ့ဒါပြီးတော့ သူတို့(လုယက်သူ) တွေက လက်ကောက်ထည့်တဲ့ ကတ်တစ်ကတ်ယူပြီး ပြေးသွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြန်လည်ခုခံသည့် အမျိုးသမီးများအနက် တစ်ဦးသည် ဆိုင်ပိုင်ရှင်ဖြစ်ပြီး ကျန်သူများမှာ ဆိုင်ဝန်ထမ်းများဖြစ်ကြောင်းနှင့် အမျိုးသမီးများတွင် ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ကြသော်လည်း ရွှေ ၆၀ ကျပ်သားခန့် ပါသွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါလုယက်မှုနှင့် ပတ်သက်ပြီး ဆိုင်ရှင်များက မော်လမြိုင်မြို့မ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး လုယက်သူများအား လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆိုသည်။ 

အလားတူ လွန်ခဲ့သည့် နှစ်လခန့်ကလည်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေအုန်းပင်ရွှေဆိုင် ယခုကဲ့သို့ ဓားပြတိုက်လုယက်ခံရကာ ငွေသား သိန်း ၂၀ ခန့် ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့တွင်  ခိုးမှု နှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ယခုကဲ့သို့ တရားဥပဒေစိုးမိုးမှု လျော့နည်းလာခြင်းကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်မိကြောင်း ဆိုသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly