ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဆိုသူများ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး

By ဂန္ဒမာ (မဇ္ဈိမ)
22 May 2023
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဆိုသူများ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၊ ငွေဇင်ယော်လမ်းတွင် ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တပည့်ဆိုသူများ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ဖြစ်စဉ်မှာ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် လူခုနစ်ဦး ဆိုင်ကယ်များဖြင့်သွားလာနေစဉ် ပစ်ခတ် ခံရခြင်းဖြစ်ပြီး သေနတ်သံ အချက်ရေ ၂၀ ခန့်မက ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

“အုပ်ကြီးကတော်တော်ဆိုးတာ။ သူနဲ့ပစ်ခံရတဲ့သူတွေက ရုံးအဖွဲ့ဝင်တွေမဟုတ်ဘူး သူ့နောက်လိုက်တွေ။ အုပ်ကြီးအပါထိတာသုံးယောက် ဘေးတွဲနဲ့လာပစ်သွားတာ” ဟု ပစ်ခတ်မှုဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်နေဒေသခံက ရှင်းပြသည်။

အခင်းဖြစ်ပွားသည့်နေရာ၌ အုပ်ချုပ်ရေးမှူး၏ နောက်လိုက်တပည့်ဖြစ်သူနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာ ဆေးရုံပေါ်တွင်သေဆုံးသည်ကို နောက်ဆက်တွဲကြားသိရကြောင်း ဒေသခံက ပြောသည်။

သေဆုံးသွားသော ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူမှာ လွတ်မြောက်သွားပြီး ၎င်းမှာလည်း အုပ် ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း ဒေသခံကပြောကြားသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ် သည်။

အခင်းဖြစ်ပွားပြီးနောက် ၈၈ ရပ်ကွက်၊ ၉၀ ရပ်ကွက်နှင့် ၉၁ ရပ်ကွက်များတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးခဲ့သလို တောင်ဒဂုံမြို့နယ် ၈/၉ လမ်းဆုံတွင်လည်း ဘေးတွဲဆိုင်ကယ်များကိုဖမ်းဆီး နေကြောင်း နယ်မြေခံသတင်းချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။

ယနေ့နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်ကြောင့် ယနေ့ည ဧည့် စားရင်းစစ်ဆေးမည်ဟုအကြောင်းပြကာ ဝင်ရောက်စစ်ဆေးဖမ်းဆီးနိုင်ချေရှိသဖြင့် သတိဝီရိယထားနိုင်ပါရန် ဒဂုံဆိပ်ကမ်းမြို့နယ်နေပြည်သူတစ်ဦးက အကြံပြုသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်

#ဒဂုံဆိပ်ကမ်းမြို့နယ်

#၈၈ရပ်ကွက်

#အုပ်ချုပ်ရေးမှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly