နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် နေရသည့် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များက ဆန်နှင့် မိုးကာများထောက်ပံ့ခဲ့ကြောင်း E - Police Station ကထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် နယူးဇီလန်နိုင်ငံခရီးစဉ် ပြီးဆုံးပြီးနောက် သြစတြေးလျနိုင်ငံ၊ အနောက်ပိုင်းပြည်နယ်မြို့တော့် Perth မြို့ကို မေလ (၂၀) ရက်နေ့လည်ပိုင်းက ပြန်လည်ရောက်ရှိကြောင်း သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံးက သတင်းထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၂၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် သာစည်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးအနီးကပ်ပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံး သွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)ကထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ဆားတောင်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းရှေ့ ကင်းဂိတ်ကို ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှအနီးကပ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦး သေဆုံးသွားကြောင်းဗန္ဓုလနှင့် အဖွဲ့သားများ(LDF) တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်း နဘူးတောကျေးရွာအနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၁ ရက် နံနက် ၆ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ (ပျူ)စခန်းမှ လက်နက်နှင့်အတူအလင်းဝင်လာသည့် ပျူစောထီးတစ်ဦးကို ငွေကျပ် သိန်း ၁၀၀ ဆု ချီးမြှင့်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၂၂ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • မြန်မာ့အရေးအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာသော ဖြေရှင်းနည်းလမ်း ရှာဖွေရာတွင် သက်ဆိုင် ပတ်သက်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ အခန်းကဏ္ဍကို ဗီယက်နမ်အနေဖြင့် ထောက်ခံအားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယအမြဲတမ်း ကိုယ်စားလှယ် လီသီမင်ဒေါင်က ပြောသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင် ၊ကရင်ပြည်နယ် ၊သံတောင်မြို့ (၁၃)မိုင်၊ ရပ်ကွက်(၁)မှ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့်ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြော က်လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။ 

  • ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော စစ် ကောင် စီခန့် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်နှင့် ရာအိမ်မှူး ၂ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ တပ်၏ လက်နက် သိုလှောင်ရုံနှင့် စစ်ဗိုလ် တန်းလျားကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်း Special Guerrilla Force(SGF-Pakokku) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

  • ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၏ မိသားစုဝင်များသည် နိုင်ငံ တကာလောင်စာဆီ ကုမ္ပဏီများဆီက အကျိုးအမြတ် ရရှိနေကြောင်း မြန်မာအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သော Justice For Myanmar က ယနေ့ ထုတ်ပြန်လိုက်သည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "အမေစုကို တန်းမညှိစမ်းနဲ့ အမေစုနောက်မှာပြည်သူရှိတယ် အဏာရူးတို့ရဲ့နောက်မှာက ကြိုးစင်" စာတန်း ကိုင်ဆောင်ကာ စစ် အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြကြောင်း သိရှိရသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၀၂ အမြောက် တပ်ရင်း ဂိတ်ကို မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် သထုံ ပကဖ အဖွဲ့က ၄၀ မမ AK ခွင်းဗုံး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သထုံ ပကဖမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)ရဲ့ ဖွဲ့စည်းမှု ၂ နှစ်ပြည့်ချိန်တွင် ချင်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့သည့် အာဇာနည် ရဲဘော် ၃၂ ဦးထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာအနီးတွင် တအာင်းတပ်မတော်(TNLA)နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 

  • ကရင်နီပြည်၊ဒီးမော့ဆိုအရှေ့ခြမ်း၊ တနီးလာလဲကျေးရွာအနီးဖြစ်ပွားနေသည့် တစ်ပတ်ကျော် ကြာတိုက် ပွဲများအတွင်း ဒုတပ်စုမှူးတစ်ဦးအပါအဝင်ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း KNDF မှ ထုတ်ပြန် ထားသည်။ 

စစ်ကောင်စီ 

  • မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းတည်ဆောက်ရေးချဉ်းကပ်လမ်းဧရိယာမှာ လူနေ အိမ်များ နှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေး ကိုစနစ်တကျ တွက်ချက်၍အထူးအလေးထားဆောင်ရွက်ရန် မေလ ၂၁ ရက်က အဆိုပါ စီမံကိန်းသို့ သွားရောက်ရာတွင် အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။ 

  • စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့သည် မေ ၂၁ ရက်က ကူမင်းမြို  ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်း ဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ပြီးစီးပါက ဘားအံ-မြဝတီအထိ ဆက်စပ်သွား လာနိုင်မည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။ 

  • မန္တလေးနှင့်စစ်ကိုင်းမြို့များအတွင်း လုပ်ကြံခဲ့ကြသည့် Royal PhoenixGuerilla Force-RPGF အဖွဲ့ဝင်များ ကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖွဲ့က  ထုတ်ပြန်လိုက်သည်။ 

  • ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအားလုံး သတ်မှတ်ကာလအတွင်း တင်ပြစိစစ်မှုမခံယူပါက လုပ်ကိုင်ခွင့်များ ပြန်လည်ရုတ်သိမ်းသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ 

  • မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး လှူဒါန်းမှုများအနေဖြင့်  ပြည်တွင်းလှူဒါန်းမှုတစ်ခုတည်းပင် စုစုပေါင်း ဘီလီယံ ၂၀ခန့်ရှိပြီဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။ 

 

မေ ၂၂ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီ၏ ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်းမှ ဝင်ငွေရရှိမှုကို နိုင်ငံတကာမှ ပိတ်ဆို့အရေးမှု အားနည်းနေသေးတာကြောင့် ယင်းလုပ်ငန်းများ ရရှိသည့် ငွေများဖြင့် ပြည်သူလူထုကို သတ်ဖြတ် နေခြင်းဖြစ်သည်။ 

  • ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ခြင်းနှင့်ပြည်သူများကို သတ်ဖြတ်မှုများကို စစ်တပ်က အာဏာသိမ်း ပြီးချိန်မှစ၍ ယခုအချိန်ထိ ဆက်လက်လုပ်ဆောင်နေမှုကြောင့် နိုင်ငံတကာအနေဖြင့် ထိရောက်သည့် အရေးယူမှုမျိုးကို လုပ်ဆောင်ရန် လိုအပ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly