တိုက်ကြီးမြို့နယ်ရှိ မီးသတ်ရေကန်အတွင်း မွေးမြူထားသည့်အလှမွေးငါး ၆,၀၀၀ ကျော် ရုတ်တရက် သေဆုံး

By ရောင်နီ (မဇ္စျိမ)
22 May 2023
တိုက်ကြီးမြို့နယ်ရှိ မီးသတ်ရေကန်အတွင်း မွေးမြူထားသည့်အလှမွေးငါး ၆,၀၀၀ ကျော် ရုတ်တရက် သေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိမီးသတ်ရေကန်အတွင်း မွေးမြူထားသည့် အလှမွေးငါး ၆,၀၀၀ ကျော် ရုတ်တရက်သေဆုံးသွားကြောင်း နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းထံမှသိရသည်။

ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်းကငါးများအားအစာကျွေးရန်လုပ်ဆောင်ချိန်၌ မီးသတ်ရေကန်အတွင်း မွေးမြူထားသည့်ငါးများ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ မနက်ပိုင်းမှာငါးတချို့က ရေပေါ်ပေါ်နေပြီ။ အစာလည်းချရောကျန်တဲ့ငါးတွေက ရေပေါ်တက် မလာ ဘူး။ အဲဒါနဲ့ ဘာဖြစ်တာလည်း မသိဘူးပြောနေတဲ့အချိန် တစ်ကောင်စနှစ်ကောင်စ စသေလာတယ်။ အဲဒီ မှာ ကန်ထဲကိုဆင်းကြည့်တော့မှကြမ်းပြင်မှာ ငါးတွေကကပ်နေတယ်။ လုံး၀ ရေပေါ်ကိုမတက်နိုင် တော့ တာ” ဟုနိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းအထွေထွေအတွင်းရေးမှူး ကိုတင်ကျော်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါမီးသတ်ရေကန်သည် အကျယ်အ၀န်း ခန့်မှန်း ဧက၀က်ခန့်ရှိပြီးရေအနက် ပေ ၂၀ ရှိကာ မြို့နယ် အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုတခုတည်းအတွက် သီးသန့်သုံးစွဲရန်ရေသိုလှောင်ထားသည့် ရေကန် ကြီး ဖြစ်ကြောင်း သိရသည်။ 

ယင်းရေကန်သည်တိုက်ကြီးမြို့နယ်စတင်တည်ထောင်သည့်အချိန်ကတည်းက တည်ရှိနေခြင်းဖြစ်ပြီး
မြို့နယ်အခြေစိုက် နိဗ္ဗာန်ချမ်းသာမင်္ဂလာလူမှုကူညီရေးအသင်းက ၂၀၁၁ ခုနှစ်မှစတင်ကာ အလှမွေး ငါး များစတင်ထည့်သွင်းမွေးမြူခဲ့ခြင်း ဖြစ်သည်။

“ ငါးတွေ စသေလာတော့ ကျွမ်းကျင်တဲ့ မြို့နယ်ထဲကအင်းလုပ်တဲ့သူတွေကို အကူအညီတောင်းတော့ ချက်ချင်းရောက်လာတယ်။ သူတို့က ကြည့်ပြီးတော့ပုံစံမမှန်ဘူးဆိုပြီး ရှေးထုံးကုနည်းနဲ့ ငှက်ပျောအူတွေ ငါးကန်ထဲပစ်ချပြီး ထားတာလည်းမရဘူး။ မရတော့ရေစုပ်စက်ကြီးတွေမောင်း ရေတွေထိုး အောက်စီဂျင် မရရအောင်လုပ်ပေးတော့လည်း ဘယ်လိုမှငါးတွေက ပြန်လန်းမလာဘူး။ အကောင်ရေက တိုးတိုး တိုးတိုးပြီးသေလာတယ်။” ဟု ၎င်းက ပြောသည်။

ငါးကန်အတွင်း၌ အလှမွေးငါးဖြစ်သည့် ရွှေ၀ါငါးကြင်းအများစုအပြင်အခြားငါးမျိုးစိတ်များလည်းရှိကာ စုစုပေါင်းအကောင်ရေ သောင်းကျော်ရှိကြောင်း သိရသည်။

မီးသတ်ရေကန်အတွင်းမွေးမြူထားသည့် ငါးများသေဆုံးရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ငါးကန်အဆိပ်ခတ်ခံရခြင်း ဖြစ်ကြောင်းသတင်းထွက်ပေါ်မှုများလည်း ရှိနေ သည်။ 

သို့သော် ထွက်ပေါ်နေသည့် သတင်းများကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဌာနဆိုင်ရာများ၊ ကျွမ်းကျင် ပညာရှင်များနှင့်ချိတ်ဆက်ကာစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

“ကျွမ်းကျင်ပညာရှင်တွေခေါ်ထားတယ်။ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးလုပ်နေတယ်။ လက်ရှိအချိန်မှာ အတည်ပြုလို့မရသေးဘူးဖြစ်နေတယ်။ရာသီဥတုကလည်း အရမ်းပူတော့လေ။ အပြင်ပယောဂကိုတော့ မစွပ်စွဲချင်သေးဘူး။ ဒါတွေကလည်းကိုယ်မမြင်ရတဲ့ အရာတွေဖြစ်နေလို့လေ။ ငါးတွေ၊ ရေတွေကိုဓာတ်ခွဲ ပြီးမှပဲ သိရမှာပါ” ဟု အသင်းတာ၀န်ရှိသူက ဆိုသည်။

ယနေ့ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအထိ ငါးကန်အတွင်းမှငါးအကောင်ရေ ၆,၀၀၀ ကျော်သေဆုံးထားခဲ့ ဖြစ်ကာ အသက်ရှင်ကျန်ရှိနေသည့်ငါးများကို ကယ်ဆယ်နိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ လက်ရှိ အသက်ရှင်တာဆို ၃၀၀၀ ကျော်လောက်ပဲ ရှိတော့မယ်။တကယ်သာ အဆိပ်ခတ်ခံရရင်တော့
အဲဒီကောင်တွေလည်း အခြေအနေမကောင်းဘူး။ လက်ရှိရေပေါ်မှာရှင်နေတာတွေကို ဖမ်းရသလောက် သုံးကောင်ရှိတယ်။ အဲဒီကောင်တွေကိုအောက်စီဂျင်တွေပေး၊ ရေတွေလဲလုပ်တော့ တော်တော်လေး တော့လန်းလာပြီ အစာတော့မစားနိုင်သေးဘူး” ဟု အသင်းတာ၀န်ရှိသူက ဆက်ပြောသည်။ 

ငါးများသေဆုံးခဲ့သည့် မီးသတ်ရေလှောင်ကန်သည်ရေ၀င်ရေထွက်မရှိသည့် ရေသေကန်အမျိုးအစား ဖြစ်ပြီး ကန်အတွင်းရေ၀င်ရောက်မှုအတွက်အ၀ိဇိတွင်းနှစ်တွင်းဖြင့် တရက်လျှင်နှစ်ကြိမ်ရေဖြည့်တင်းမှု ပြုလုပ်ပေးနေကြောင်း သိရသည်။

“ကန်ကရေသေပါ ကန်ဘေးမှာ အ၀ိဇိတွင်းလေးလက်မနှစ်တွင်းရှိတယ်။နှစ်တွင်းကို တရက်နှစ်ကြိမ် ကန် အတွက်မောင်းပေးတယ်။ မီးပျက်ရင်မီးစက်နဲ့မောင်းတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလို ရေမမောင်း ပေးတော့အကောင် ၁၀၀ ကျော်သေဖူးတယ်။ ဒီနှစ်တော့ အဖြစ်မခံဘူးဆိုပြီးရေတောက်လျောက်လိုက် ထည့်တာ။ အဲဒီလိုလုပ်တာတောင် အခုလိုမျိုးဖြစ်တော့ကျွန်တော်တို့အားနည်းချက်လား သဘာ၀ တရား ကြောင့်လားဆိုတာ စဥ်းစားမရဖြစ်နေတယ်” ဟုအသင်းတာ၀န်ရှိသူက ဆိုသည်။​

လက်ရှိအချိန်တွင် ငါးများသေဆုံးခဲ့သည့် မီးသတ်ရေကန်အတွင်းကျွမ်းကျင်သူများဖြင့်ကန်သန့်ရှင်းရေး ပြုလုပ်နေကာ သေဆုံးနေသည့်ငါးများအား အပုပ်နံ့မထွက်ခင်ဆယ်ယူမှုများ ပြုလုပ်နေကြောင်း သိရ သည်။

သေဆုံးရသည့်အကြောင်းအရင်း စိစစ်နိုင်ခြင်းမရှိသေးသည့်ငါးများကိုဒေသခံအချို့က စားသုံးရန်အတွက် လာရောက် ယူဆောင်မူများလည်း ရှိခဲ့ကြောင်းသိရသည်။

“ လက်ရှိမှာ ကျွမ်းကျင်သူတွေနဲ့ ကန်သန့်ရှင်းရေးလုပ်နေတယ်။အခုသေတဲ့ငါးတွေကို အပုပ်နံ့မထွက်ခင် ရသလောက်ဆွဲထုတ်နေတယ်။အပြင်ကိုလည်း အထွက်မခံဘူး။ ဒါပေမယ့် တစ်ကောင်စ နှစ်ကောင်စ တော့ထွက်သွားတယ်။ မစားစေချင်တာပါ။ဘာကြောင့် သေမှန်းမသိတော့ ရောဂါတွေ ပြန့်မှာစိုးတာ” ဟုအသင်းတာ၀န်ရှိသူက ဆိုသည်။

မီးသတ်ရေလှောင်ကန်အတွင်း သေဆုံးခဲ့ရသည့်ငါးများကိုပြင်ပသို့မရောက်ရှိစေရန်အတွက် နိဗ္ဗာန်ချမ်း သာမင်္ဂလာအသင်းက အထူးကြပ်မတ်ဆောင်ရွက်နေပြီးတိုက်ကြီးမြို့ရှိသုသာန်အတွင်း မြေကျင်းတူးကာမြုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း ။ ။​ Alden

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly