သုံးဆယ်မြို့မှ ရာအိမ်မှူးဇနီးမောင်နှံအား ပဲခူးတိုင်းမြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်

By ရွှေနွယ်( မဇ္ဈိမ )
22 May 2023
သုံးဆယ်မြို့မှ ရာအိမ်မှူးဇနီးမောင်နှံအား ပဲခူးတိုင်းမြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ အိုင်ကဒုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ရာအိမ်မှူးဇနီးမောင်နှံအားမေလ ၂၁ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းမြို့ပြအထူး စစ်ဆင်ရေးအဖြစ်ပစ်ခတ်ခဲ့သည်ဟုသာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ရာအိမ်မှူးဦးသန်းထွန်းအောင်နှင့် ဇနီးမစိန်မြင့်တို့သည် NLDပါတီထောက်ခံသူများအား PDF ဟုစွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်း၊ရွာသစ်ရွာ၏မြစိမ်းရောင်ချေးငွေဥက္ကဋ္ဌဖြစ်ကာ ပြည်သူများအပေါ် စစ်ကောင်စီအားကိုး ဖြင့်၎င်းတို့စိတ်သဘောကျအနိုင်ကျင့်နေသော ဇနီးမောင်နှံဖြစ်သည်ဟု သာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းကဆိုသည်။

“သူတို့လင်မယားကြောင့် ပြည်သူတစ်ဦးဖမ်းခံထားရတယ်။တခြားသူတွေကိုလည်း ဖမ်းဆီးဖို့သတင်း ပေးတာတွေရှိတယ်။မြစိမ်းရောင်ချေးငွေချေးရာမှာလည်း စည်းဘောင်နဲ့အညီမဟုတ်၊ သူတို့စိတ်သဘော အတိုင်း ပေးချင်ပေး၊ မပေးချင်မပေးဖြစ်နေတာတွေလည်းရှိတယ်။ တားနေပေမယ့် ဆက်လုပ်နေတဲ့ အတွက် စိစစ်ပြီးမှ ဒီလိုလုပ်ခဲ့တာပါ”ဟု သာယာဝတီခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရာအိမ်မှူးနှင့် ၎င်း၏ဇနီးမှာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရပြီး ပစ်ခတ်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ-PDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သာယာဝတီခရိုင်အတွင်းတွင် မြစိမ်းရောင်ချေးငွေနှင့်အတူစိုက်ဘဏ်ချေးငွေများပြန်မဆပ်သည့် ဒေသခံ များကိုလည်းစစ်ကောင်စီတပ်များမှ ဖမ်းဆီးတရားစွဲဆိုသည်များရှိနေသည်။

ယခင်ပြည်သူ့အစိုးရလက်ထက်က ပြည်သူများ၊ တောင်သူများနှင့်အစိုးရဝန်ထမ်းများအား အကြောင်း အမျိုးမျိုးဖြင့်ထုတ်ချေးပေးထားသည့်ချေးငွေများကို စစ်ကောင်စီ အထောက်အပံ့မဖြစ်စေရန်အတွက် ပြန်မဆပ်ကြရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။

 စာတည်း ။ ။​ Alden

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly