ယင်းမာပင်တွင် လက်နက်နှင့်အတူ အလင်းဝင်လာသည့်ပျူစောထီးကိုကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

By လွှမ်းမိုး (မဇ္ဈိမ)
22 May 2023
ယင်းမာပင်တွင် လက်နက်နှင့်အတူ အလင်းဝင်လာသည့်ပျူစောထီးကိုကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ (ပျူ)စခန်းမှ လက်နက်နှင့်အတူအလင်းဝင်လာသည့် ပျူစောထီးတစ်ဦးကို ငွေကျပ် သိန်း ၁၀၀ ဆု ချီးမြှင့်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

၎င်းသည် မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် KA-25 အမျိုးအစားသေနတ် တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်အတောင့် ၉၀၊ ဆက်သွယ်ရေး အိုင်ကွန်စက်တစ်လုံးနှင့်အတူဗိုလ်ထွန်းတောက်၊ ဗျတ္တညီ နောင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊ComradeColumn တပ်ဖွဲ့တို့ထံအလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

“ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီကို ချိတ်ဆက်ထားတာတော့အတော်ကြာပါပြီ။ သေနတ်ပါယူခဲ့ချင်တာ ရော၊ မလစ်သေးတာရောကြောင့် အချိန်ကြာနေတာ ဖြစ်တယ်” ဟု အလင်းဝင်လာသည့် ပျူစောထီးက ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ၎င်းကို ငွေကျပ်သိန်း ၁၀၀ တိတိ ဆုချီးမြှင့်ခဲ့သည့်အပြင်ပျူစောထီး ဆိုသူ၏ မိသားစုနှစ်စုကိုပါ ဘန့်ဘွေးပျူရွာအနီးမှကယ်ထုတ်၍ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း ဗျတ္တညီနောင် တပ်ဖွဲ့ထံမှသိရသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် အမြင်မှန်ရ၍ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လိုသည့် စစ်သားနှင့် ပျူစောထီးများကို အမြဲကြိုဆိုနေမည်ဖြစ်ကြောင်းဗျတ္တညီနောင် တပ်ဖွဲ့ မှ တာဝန်ရှိသူက ဆိုသည်။

စာတည်း ။ ။​ Alden

စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly