မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေး

22 May 2023
မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေး

မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေးကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်က ECOSOC စီးပွားရေးနဲ့ လူမှုရေးကောင်စီ ခန်းမမှာ မေလ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အရေးပေါ်အစည်းအဝေးကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံက အလွတ်သဘော ခေါ်ယူပြုလုပ်တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာမှာ လူပေါင်း ၆သန်းခန့်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ ကုလလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးတစ်ရပ်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းတွေ၊ လမ်းတံတားတွေအပါအဝင် စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အစားအစာ၊ ဆေးဝါးနဲ့ ယာယီခိုလှုံစရာ တဲတွေ မရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

မြန်မာမှာ လူသားချင်းစာနာမှုအကူအညီပေးရန် လိုအပ်သူ ယခုအခါ ၁၈သန်းခန့်ရှိလာပြီး ဆိုင်ကလုန်းမိုခါကြောင့် ပိုမိုဆိုးရွားလာစေကာ အကူအညီလိုအပ်မှု တိုးမြှင့်လာသော်လည်း ကုလရဲ့ ၂၀၂၃ခုနှစ် အရေးပေါ်တုံ့ပြန်ရေးရံပုံငေဟာ လိုအပ်မှုရဲ့ ၁၀ရာခိုင်နှုန်းပင် ပြည့်မီအောင်ရရှိခြင်းမရှိဘူးလို့ ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အခြားသော အလှူရှင်နိုင်ငံတွေအနေနဲ့ အသက်ကယ်ဆယ်ရေး အကူအညီပေးရေးတွေကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံ အသုံးပြု ဆောင်ရွက်သင့်ပါတယ်လို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly