မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုကို ထောက်ခံဟု ဗီယက်နမ် ပြော

By Vietnam Plus
22 May 2023
မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုကို ထောက်ခံဟု ဗီယက်နမ် ပြော

မြန်မာ့အရေးအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာသော ဖြေရှင်းနည်းလမ်း ရှာဖွေရာတွင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ အခန်းကဏ္ဍကို ဗီယက်နမ်အနေဖြင့် ထောက်ခံအားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် လီသီမင်ဒေါင်က ပြောသည်။

ထို့ပြင် မြန်မာတွင် လူသားချင်းစာနာမှုဆိုင်ရာ သက်သာချောင်ချိရေးကို ထောက်ကူရန် အာဆီယံ၏ အားထုတ်မှုများနှင့် ရခိုင်ပြည်နယ်ရှိ မူလနေရပ်ပြန်ရေး လုပ်ငန်းစဉ်တို့ကိုလည်း ဗီယက်နမ်က ထောက်ခံသည်ဟု သူမက ပြောသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းအခြေအနေ ဖြေရှင်းရေး လုပ်ငန်းစဉ်ကို မြန်မာကိုယ်တိုင် ဦးဆောင်ရလိမ့်မည် ဖြစ်သည်ဟု ဒေါင်က မေလ ၁၉ ရက်က မြန်မာနိုင်ငံ လူသားချင်းစာနာမှု အခြေအနေဆိုင်ရာ ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်တွင် ပြောသည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အစုအဖွဲ့များအနေဖြင့် အာဆီယံ သဘောတူထားသော ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ၊ ထိထိရောက်ရောက် အကောင်အထည်ဖော်ရလိမ့်မည် ဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်ဆိုင်းကာ ပြည်သူအားလုံးအတွက် လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝင်လမ်းကို အသေအချာ ဖြစ်ပေါ်စေရင်း ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့မှုကို ထောက်ကူမည့် အခြေအနေတစ်ခု ဖန်တီးရလိမ့်မည် ဖြစ်သည်ဟု သူမက ပြောသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ၏ အချုပ်အချာအာဏာ၊ လွတ်လပ်မှု၊ နယ်မြေ တည့်တံ့ခိုင်မြဲမှုနှင့် စည်းလုံးမှုအပေါ် လေးစားလျက်ဖြင့် အကူအညီလိုအပ်နေသော မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများထံ အကူအညီ ပစ္စည်းများ အသေအချာရောက်ရှိစေရန် စာနာမှု အကူအညီ ပံ့ပိုးမှုလုပ်ဆောင်ချက်များကို ညှိနှိုင်းချိတ်ဆက်ခြင်းအားဖြင့် အာဆီယံ၊ ကုလ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုကြောင်း သူမက ပြောသွားခဲ့သည်။

Vietnam vows to support Myanmar in promoting peaceful, sustainable solutions

https://en.vietnamplus.vn/vietnam-vows-to-support-myanmar-in-promoting-p...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly