ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ မပါ၀င်ဘူးဆိုတဲ့ SNLD ရဲ့ ဆုံးဖြတ်ချက်၊ ပြန်ပြင်နိုင်ဦးမလား

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ မပါ၀င်ဘူးဆိုတဲ့ SNLD ရဲ့ ဆုံးဖြတ်ချက်၊ ပြန်ပြင်နိုင်ဦးမလား

စိတ်မကောင်းစရာပါပဲ။ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရဲ့ ကမ်းလှမ်းချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ငြင်းပယ်လိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ပါ။ တကယ်တော့ NLD နဲ့ SNLD ဆိုတာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလ ကတည်းက ခိုင်မာတဲ့ မဟာမိတ်တွေ အဖြစ် ရပ်တည်ခဲ့ကြတဲ့ ပါတီနှစ်ခုပါ။ ရွေးကောက်ပွဲ နောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို NLD ခေါင်းဆောင်တွေရော၊ SNLD ခေါင်းဆောင်တွေပါ အကြီးအကျယ် ခံခဲ့ကြရပါတယ်။ ဒါပေမယ့် ခိုင်မြဲတဲ့ မဟာမိတ် ပျက်မသွားပါဘူး။ ဒီလိုပါပဲ။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးတဲ့အခါ ၂၀၁၀ ခုနှစ်မှာ စစ်အာဏာရှင်တွေဟာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး ရွေးကောက်ပွဲ တစ်ခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသလို၊ မဟာမိတ်တွေဖြစ်ကြတဲ့ SNLD နဲ့ အခြား တိုင်းရင်းသားပါတီတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုကြပါဘူး။ ဒီ ဖြစ်ရပ်ကို ကြည့်ရင် အင်န်အယ်လ်ဒီနဲ့ SNLD တို့ရဲ့ မဟာမိတ်ဖွဲ့မှု၊ တစ်နည်းအားဖြင့် ပြည်ထောင်စု ပါတီ တစ်ခုနဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ပါတီတစ်ခု မဟာမိတ် ဖွဲ့မှုဟာ တကယ့်ကို သမိုင်းဝင်တဲ့၊ ခိုင်မြဲတဲ့၊ ဒီထက်ပိုကောင်းတဲ့ စကားလုံးသုံးရရင် ဂန္ထဝင်မြောက်တဲ့ မဟာမိတ်ဖွဲ့မှု ဖြစ်တာ တွေ့နိုင်ပါတယ်။ အခုတော့ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှာ ပါဝင်ဖို့ SNLD ဘက်က ငြင်းပယ်လိုက်ပါပြီ။ ဘာကြောင့် အဲလိုဖြစ်ရတာပါလဲ၊ တကယ့်တကယ် ဘယ်လို ဖြစ်သင့်ပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အင်န်အယ်လ်ဒီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ မပါဝင်နိုင်တာနဲ့ ပတ်သက်ပြီး SNLD ဘက်က ခုလို ရှင်းလင်းထားပါတယ်။ ပါတီ တွဲဘက် အတွင်းရေးမှူး ဦးစိုင်းလိတ်က "အဓိကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကမှ တဆင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားရမှာပေါ့နော်၊ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေမှ ကျနော်တို့ နိုင်ငံရေးသဘောတူညီချက်တွေရလို့ရှိရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို တဆင့် တက်လှမ်းရမှမို့လို့ အဲ့လိုလုပ်ဖို့ဆိုလို့ရှိရင် ကျနော်တို့မှာ အချိန်တွေအများကြီးလိုအပ်ပါတယ်၊ လူထုအင်အားတွေ အများကြီးလိုအပ်ပါတယ်၊ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့မှာ ဝင်ရောက်ပြီးတော့မှ အချိန်ပေးလိုက်မယ် ဆိုလို့ရှိရင် တစ်ဘက်မှာ အားနည်းသွားမှာ စိုးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ငြင်းပယ် ရခြင်းဖြစ်တယ်" လို့ ဆိုပါတယ်။

SNLD ရဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ချက်ကို ခဏထားပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အရင် ပြန်ရှင်းပြချင်ပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေးဟာ မြန်မာ့သမိုင်းမှာနှစ်ပေါင်း ၅၀ ကျော်ကြာမှ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် အပြောင်းအလဲပါ။ တပ်မတော်ဟာ သူ့ဖာသာသူ သီးခြား ရပ်တည်တဲ့ အနေအထားမှာ ရှိနေဦးမှာ ဖြစ်ပေမယ့် ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ တစ်ရပ် တက်လာတော့မှာ ဖြစ်ပါတယ်။ ရှမ်းအပါအဝင် တိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူ တစ်ရပ်လုံး မျှော်လင့်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဦးမှာတော့ မဟုတ်သေးပါဘူး။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ပထမ အဆင့်ပြီး၊ ဒီ အဆင့်ဖြစ်ပေါ်လာဖို့ အတွက် ရှမ်းတွေရော၊ ဗမာတွေရော၊ ပြည်သူလူထု တစ်ရပ်လုံးကပါ ဘယ်လောက် တိုက်ပွဲဝင်ခဲ့ရသလဲ၊ ဘယ်လောက် စွန့်လွှတ် အနစ်နာခံခဲ့ရသလဲ၊ တပ်မတော်ကို စည်းရုံးပြီး ဘယ်လောက် ပူးပေါင်းဆောင်ရွက်ခဲ့ရသလဲ ဆိုတာ SNLD ခေါင်းဆောင်တွေ သိနိုင်ကြလိမ့်မယ် ထင်ပါတယ်။

SNLD အပါအဝင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မျှော်လင့်နေကြတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်နိုင်ဖို့ ဆိုရင် အခု လက်ရှိ အသွင်ကူးပြောင်းရေး အလွန် တည်ငြိမ်ဖို့ လိုပါတယ်။ တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တည်ငြိမ်မှု ရှိဖို့ လိုပါတယ်။ ဒါတင်မက နိုင်ငံတကာ အတွေ့အကြုံတွေအရ အသွင်ကူးပြောင်းရေး ကနေ ဒီမိုကရေစီ စနစ် အောင်မြင်ရေးဆီ သွားရာလမ်းမှာ လိုအပ်တဲ့ အဓိက အချက်ကတော့ နောက်ကြောင်း ပြန်မလှည့်ရေး၊ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ် ပြန်မလာရေးပါ။ ဒီလို ပြန်မလာနိုင်အောင် တပ်မတော် စစ်ခေါင်းဆောင်တွေကို စည်းရုံးကြဖို့ လိုသလို၊ တိုင်းပြည်တည်ငြိမ်မှုဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည် ဖော်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးဟာလည်း အရေးကြီးပါတယ်။

အခု ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့၊ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အဲလို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် တိုင်းပြည် တည်ငြိမ်ဖို့ တနည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့ အရမ်းကို လိုအပ်ပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံတစ်နိုင်ငံမှာ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်ဖို့ အတွက် အားကောင်းတဲ့ အစိုးရ တစ်ရပ် ရှိဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ က ဦးဆောင် မောင်းနှင်သိလို ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေကိုလည်း အင်န်အယ်လ်ဒီက ဦးဆောင်ခွင့် ရမှသာ ဒီ အစိုးရအဖွဲ့ အားကောင်းမှာပါ။ ဒီအတွက် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေမှာ အင်န်အယ်လ်ဒီ အမတ်တွေကို ဝန်ကြီးချုပ် တာဝန်ပေးပြီး၊ အစိုးရအဖွဲ့ကို ဦးဆောင်ခိုင်းဖို့ လိုသလို၊ SNLD လို တိုင်းရင်းသား ပါတီတွေကလည်း အဲဒီ အစိုးရအဖွဲ့မှာ တက်တက်ကြွကြွ ပါဝင်အကူအညီပေးဖို့ လိုပါတယ်။ ဒါမှသာ တစ်တိုင်းပြည်လုံးမှာ တည်ငြိမ်ပြီး စီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိတဲ့ အနေအထား ဆောင်ကျဉ်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ကျဉ်းနိုင်မှပဲ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
SNLD အပါအဝင် တိုင်းရင်းသား ပါတီခေါင်းဆောင်တွေ အနေနဲ့ ဒီတိုင်းပြည်မှာ စစ်အာရှင်တွေ အားကောင်းနေရင် ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူး၊ ဒါကြောင့် အင်န်အယ်လ်ဒီလို ပြည်သူ့ပါတီ အားကောင်းရင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာနိုင်မယ် ဆိုတာ ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒီအတွက် အင်န်အယ်လ်ဒီ ပါတီ အားကောင်းအောင်၊ တည်ငြိမ်အောင်၊ SNLD ပါတီ အနေနဲ့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထဲပါဝင်ပြီး အင်န်အယ်လ်ဒီ အစိုးရနဲ့ အတူတကွ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ အပြည့်အ၀ ပူးပေါင်းသင့်ပါကြောင်း၊ လက်ရှိ SNLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အလေးအနက် ပြန်ပြီး သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags