ပုလောမြို့နယ် ကျောက္ကာကျေးရွာက ပျူစောထီးဆိုသူများအား PPDF တိုက်ခိုက်

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
21 May 2023
ပုလောမြို့နယ် ကျောက္ကာကျေးရွာက ပျူစောထီးဆိုသူများအား PPDF တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ အမှတ်(၂)ရပ်ကွက်တွင် လုံခြုံရေးယူကင်းလှည့်နေသည့် ပျူစောထီးအဖွဲ့ကို မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ အချိန်၌ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)  လက်အောက်ခံ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုအား မြိတ်ခရိုင် တပ်ရင်း(၁)မှ အထူးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကျော်ဖြစ်ပွားပြီးနောက် ပျူစောထီးအဖွဲ့ထွက်ပြေးသဖြင့် PPDF အဖွဲ့ က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုဝင်ရောက်စီးနင်းခဲ့ရာ AK 47 အမျိုးအစား သေနတ်နှစ်လက်နှင့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ရုံးအဆောက်အအုံနှင့် ပျူစောထီး ခေါင်းဆောင်၏ နေအိမ်တို့ကို ဗုံးခွဲကာ မီးရှို့ဖျက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပျူ(ပျူစောထီး)တွေကို ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ ဘူး။ အဲဒီအကောင်တွေကိုပဲ ပစ်ခတ်တိုက်ခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြော သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်  PPDF အဖွဲ့မှာ ည ၁၂ နာရီအချိန်တွင် ပြန်လည်ဆုတ်ခွာစဉ် ပျူစောထီးများ ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များစစ်ကူ= ရောက်ရှိလာပြီး ကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ရွာသားခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့ညက ရွာထဲမှာ သေနတ်ပစ်သံတွေ ကြားရတယ်၊ ရွာသားတွေကြောက်ပြီး ထွက်မကြည့် ရဲကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖမ်းဆီးသွားသော ဒေသခံခုနစ်ဦးအား ရိုက်နှက်စစ်ဆေးခဲ့ပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အယောက် ၃၀ ကျော်ကို ထပ်မံဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးခြင်းများပြုလုပ်ကာ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး တစ်ဦးကို ပုလောမြို့ အခြေစိုက် ခလရ (၂၈၅) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး ကျန်ဒေသခံများအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

“ကျောက္ကာရွာက ပင်လယ်ရွာဆိုတော့ လှေနဲ့သွားလာရတာမို့ ရွာမှာစစ်တပ်က ဖမ်းဆီးစစ်ဆေးပြီးမှ အယောက် ၃၀ ကို ရွာမှာပဲ ပြန်လွှတ်ပေးလိုက်ပြီး NLDပါတီနဲ့ နီးစပ်သူ၊ PDFအဖွဲ့တွေနဲ့ နီးစပ်တယ်ထင် တဲ့ သူတွေကို ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုလောမြို့နယ် ကျောက္ကာရွာတွင် ရပ်ကွက်လေးခုရှိပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၁၁ ဦးရှိကြောင်းလည်း သိရသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required