ကျိုက်ထိုမြို့နယ်အတွင်းမှ ကျေးရွာချင်းဆက်လမ်းများကိုစစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး

By YT (မဇ္ဈိမ)
21 May 2023
ကျိုက်ထိုမြို့နယ်အတွင်းမှ ကျေးရွာချင်းဆက်လမ်းများကိုစစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းပိုင်းနှစ်နေရာကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၀ ရက် ည ၇ နာရီဝန်းကျင်ခန့်က အာရှလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့အဝင် လမ်းပိုင်းအား စစ်ကောင်စီတပ်သားများက ဘက်ဟိုးဖြင့် ဖျက်ဆီးသွားကြောင်းသိရသည်။

ထို့ပြင် မေလ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ဖျက်ဆီးသွားကြောင်း သိရသည်။

“ဆောင်နိုင်ကြီးလမ်းဘက်က ကဒတ်ချောင်းတံတားအကျော်လမ်းကို ဘက်ဟိုးနဲ့ဖျက်တာ။ ဝင်းကလော လမ်းက ဆိုင်ကယ်နဲ့ရောင်းတဲ့ တနိုင်တပိုင်ဈေးသည်တွေ အသုံးများတဲ့လမ်းပါ။ အခုလို ဖျက်ဆီးခံလိုက်ရ တဲ့အတွက် သူတို့တွေ ဒုက္ခရောက်ရတာ” ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖျက်ဆီးခံလိုက်ရသည့် ဝင်းကလောကျေးရွာ အဝင်လမ်းမှာ ဆောင်နိုင်ကြီး၊ ကနိုင်ဒွတ်၊ မိုးဘော၊ နတ်စင် ကျေးရွာစသည့် တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ အဓိက ဈေးရောင်း၊ ဈေး ဝယ်ပြုလုပ်နေသော လမ်းပိုင်းဖြစ်သည်။

“လမ်းတွေကို ဘက်ဟိုးနဲ့ထိုးခွဲပြီးတော့ ဖျက်ဆီးပစ်တာ။ ကျေးရွာချင်းဆက်လမ်းတွေဖြစ်တဲ့အတွက် ရွာတွေ၊ ပြည်သူတွေပဲ အခက်အခဲဖြစ်တယ်” ဟု သထုံခရိုင် PDFတာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ဘက်ဟိုးဖြင့် ဖျက်ဆီးခံလိုက်ရသော ထိုလမ်းနှစ်ခုလုံးသည် တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း ဝင်ရောက်နိုင်သော လမ်းပိုင်းများဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။

“သူတို့က ခုခံစစ်လုပ်တော့မယ့် သဘောရှိတယ်။ ဖြတ်လေးဖြတ်လည်း လုပ်လာနိုင်တာပေါ့။ ဒီဘက် တော်လှန်ရေးအတွက်ကတော့ အခက်အခဲဘာမှမရှိပါဘူး။ ကျွန်တော်တို့က အားလုံးပြင်ဆင်ပြီးသားဖြစ် ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက် နှင့် ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သို့ ဝင်ရောက်နိုင် သော လမ်းလေးခုအား စစ်ကောင်စီတပ်ဖွဲ့ကဘက်ဟိုးဖြင့် ထိုးခွဲဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က မေလ ၁၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။

ဘက်ဟိုးဖြင့် ဖျက်ဆီးခံရသော လမ်းများမှာ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အား ဆက် ထားသော မြို့ချင်းဆက်လမ်း၊ ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကော့ကရိတ် မြို့နယ်သို့ ဝင်ရောက်နိုင်သော ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်းတို့ ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly