ကက်ရှ်မီးယားဒေသတွင် ဂျီ-၂၀ အစည်းအဝေးကျင်းပမည့်အပေါ် တရုတ်ကန့်ကွက်မှုအား အိန္ဒိယက ပြတ်ပြတ်သားသား တုံ့ပြန်

ကက်ရှ်မီးယားဒေသတွင် ဂျီ-၂၀ အစည်းအဝေးကျင်းပမည့်အပေါ် တရုတ်ကန့်ကွက်မှုအား အိန္ဒိယက ပြတ်ပြတ်သားသား တုံ့ပြန်

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသရှိ ဆရီနာဂါမြို့တွင် ဂျီ-၂၀ အစည်းအဝေးကျင်းပမည့်အစီအစဉ်ကို တရုတ်က ကန့်ကွက်ထားပြီး တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကလည်း တက်ရောက်ရန် စာရင်းမသွင်းထားပေ။
တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက “အငြင်းပွားဒေသတွေမှာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဂျီ-၂၀ အစည်းအဝေးတွေ ကျင်းပတာကို တရုတ်အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ အဲဒီအစည်းအဝေးတွေကို တက်ရောက်မှာ မဟုတ်ပါဘူး” ဟု မေလ ၁၉ ရက်က ပြောကြားခဲ့သည်။
အိန္ဒိယကလည်း ၎င်း၏ကိုယ်ပိုင်နယ်မြေတွင် အစည်းအဝေးများကို လွတ်လပ်စွာကျင်းပခွင့်ရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးဖြစ်စေရန် နယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခြင်းဖြင့် တရုတ်ကို တုံ့ပြန်ခဲ့သည်။
ကက်ရှ်မီးယားတွင် လုံခြုံရေးတိုးမြှင့်ထားချိန်၌ တတိယအကြိမ်မြောက် ဂျီ-၂၀ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဆရီနာဂါမြို့၌ မေလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဂျမူးနှင့်ကက်ရှ်မီးယားဒေကို ၂၀၁၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ပယ်ဖျက်ကာ  ပြည်ထောင်စုနယ်မြေနှစ်ခုအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ယခုအခါ ပထမဆုံးအကြိမ် နိုင်ငံတကာအခမ်းအနား ကျင်းပခြင်းဖြစ်သည်။
ဆရီနာဂါတွင်ကျင်းပမည့် အစည်းအဝေးသို့ ဂျီ-၂၀ နိုင်ငံများမှ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်မည်ဟု မျှော်လင့်ရပြီး အစောပိုင်းက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းခဲ့သည်။
တူရကီသည် အစည်းအဝေးမတက်ရန် ဆုံးဖြတ်ထားသလို ဆော်ဒီအာရေဗျကလည်း အစည်းအဝေးတက်ရန် ယခုအချိန်အထိ စာရင်းမသွင်းရသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဆရီနာဂါမြို့ကို လုံခြုံရေးတင်းကျပ်ထားပြီး မြေပြင် ဝေဟင်လုံခြုံရေးတစ်စိတ်တစ်ပိုင်းအဖြစ် မရိန်းကွန်မန်ဒိုတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်လုံခြုံရေးအစောင့်တပ်ဖွဲ့ (NSG) တို့ကို ဖြန့်ကြက်ထားသည်။
ဆရီနာဂါတွင်ဂျီ-၂၀ အစည်းအဝေးကျင်းပခြင်းသည် ကက်ရှ်မီးယား၏ ခရီးသွားလုပ်ငန်း အလားအလာကို ပြသရန်နှင့် နိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကမ္ဘာသို့ သတင်းစကားပါးရန်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖွဲ့၏ ပါဝင်မှုကို အိန္ဒိယ၏ရပ်တည်မှုအား ထောက်ခံမှုအဖြစ် ရှုမြင်နိုင်သည်။
အကြမ်းဖက်သမားများက ဂျီ-၂၀ အစည်းအဝေးကို နှောင့်ယှက်ရန်  ကြီးကြီးမားမား တိုက်ခိုက်မှုအချို့ လုပ်ဆောင်နိုင်သဖြင့် လုံခြုံရေးတပ်ဖွဲ့များကို ဖြည့်တင်းထားသည်။ တိုက်ခိုက်မှုများကို တားဆီးရန် လုံခြုံရေးဆိုင်ရာစစ်ဆင်ရေးများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ကြည်းတပ်၊ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF)၊ ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF)၊ နယ်စပ်ဖြတ်ကျော်လုံခြုံရေးတပ်ဖွဲ့ (SSB) နှင့် ဂျမူးနှင့်ကက်ရှ်မီးယားရဲတပ်ဖွဲ့တို့ကိုလည်း ဒေသတွင်း လုံခြုံရေးလိုင်းတွင် တာဝန်ပေးထားသည်။  
India's Sharp Response As China Opposes G20 Meet In Kashmir
Source: https://www.ndtv.com/india-news/kashmir-g20-srinagar-g20-meet-china-oppo...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly