မိုခါ ဆိုင်ကလုန်းကြောင့် မြန်မာတွင် လူ ၈ သိန်းခန့် ထိခိုက်ခဲ့ဟု ကုလ ပြော

မိုခါ ဆိုင်ကလုန်းကြောင့် မြန်မာတွင် လူ ၈ သိန်းခန့် ထိခိုက်ခဲ့ဟု ကုလ ပြော
Photo-AFP

ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်ကလုန်း မုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ပြီးနောက် နိုင်ငံတွင် လူ ရှစ်သိန်းထက်မနည်းသည် အရေးပေါ် စာနပ်ရိက္ခာ  အကူအညီနှင့် အခြား အကူအညီများ လိုအပ်လျက် ရှိသည်ဟု ကုလသမဂ္ဂက မေလ ၁၉ ရက်တွင် ပြောသည်။

မိုခါ မုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရာတွင် မိုးကြီးခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်ပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ ၁၉၅ ကီလိုမီတာ (၁၂၀ မိုင်) အထိ ရှိခဲ့သည်။ မိုခါမုန်တိုင်းကြောင့် လူ ၁၄၅ ဦး သေဆုံးသည်ဟု စစ်ကောင်စီက ပြောပြီး မီဒီယာသတင်းဖော်ပြချက်များအရ သေဆုံးသူဦးရေက ပိုများနေကြောင်းကို ညွှန်ပြနေသည်။

မိုခါမုန်တိုင်းကြောင့် မြန်မာ၏ ရခိုင်ပြည်နယ်တွင် ကြီးမားသည့် ထိခိုက်ပျက်စီးမှုတို့ တသီတတန်း ဖြစ်ခဲ့ကြောင်း ကုလ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ဖော်သည်။ ရခိုင်ပြည်နယ်သည် ဆယ်စုနှစ်များကြာ လူမျိုးစု ပဋိပက္ခနောက်ပိုင်း နေရပ်စွန့်ခွာမှုစခန်းများတွင် နေထိုင်ကြသည့် သိန်းချီသော ရိုဟင်ဂျာဒုက္ခသည်များ ရှိရာ ဒေသလည်း ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ သစ်ပင်များ အမြစ်ကျွတ်လဲကျပြီး လမ်းများ ပိတ်ဆို့ခြင်း၊ ဆေးရုံများ၊ ကျောင်းများ ပျက်စီးခြင်းနှင့် ဆက်သွယ်ရေးနှင့် ဓာတ်အားလိုင်းများ အကြီးအကျယ် ပြတ်တောက်ခြင်းတို့ ဖြစ်စေခဲ့သည်ဟု WFP ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် ဒါရိုက်တာ အန်သီ ဝက်ဘ်က ဘန်ကောက်မှ ဗီဒီယိုလင့်မှတစ်ဆင့် ဂျီနီဗာရှိ သတင်းထောက်များကို ပြောသည်။

“အရေးပေါ် အစားအစာ အကူအညီတွေကို အရေးတကြီး လိုအပ်နေတဲ့ လူပေါင်း ရှစ်သိန်းထက်မနည်း ရှိနေတယ်” ဟု သူမက ပြောသည်။ “မိမိတို့ နောက်ထပ် နယ်မြေဧရိယာများကို ထပ်မံရောက်ရှိသည်နှင့် အစားအစာ၊ အမိုးအကာ၊ ရေ၊ ကျန်းမာရေးနှင့် အခြား လူသားစာနာမှု အကူအညီတို့နှင့်ပတ်သက်ပြီး ပိုမိုကြီးမားသည့် လိုအပ်မှုများ ထွက်ပေါ်လာဖွယ် ရှိသည်” ဟု သူမက ထပ်လောင်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် တိုက်ရိုက်ထိခိုက်မှုမှ လွတ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးသိန်းနီးပါးနှင့် ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များ ၎င်းတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်ပစ္စည်းများကို ဆုံးရှုံးခဲ့ရသည်ဟု သူမက ပြောသည်။

WFP သည် မုန်တိုင်း မတိုက်မီကတည်းက မိုခါ အပေါ် တုံ့ပြန်မှုကို စတင်ခဲ့ပြီး မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ရှိ လူပေါင်း ၂၈,၀၀၀ ဆီ လက်လှမ်းရောက်ရှိခဲ့ပြီး ၎င်းတို့ ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန် ကြိုတင်ငွေကြေး အကူအညီများ ပံ့ပိုးပေးခဲ့သည်ဟု ဝက်ဘ်က ပြောသည်။

မုန်တိုင်း၏ အဆိုးဆုံး အခြေအနေ ကျော်လွန်သွားပြီးပြီးချင်း အေဂျင်စီအနေဖြင့် ထောင်နှင့်ချီသော ဒုက္ခသည်များထံ အရေးပေါ် အစားအစာ အကူအညီများ ထောက်ပံ့ကူညီခဲ့ပြီး ၎င်းတို့၏ ပုံမှန် အစားအစာ အထောက်အပံ့ကို ပြန်စရန် အချိန်ပြည့် လုပ်ခဲ့ကြသည်ဟု သူမက ပြောသည်။

မြန်မာတွင် WFP သည် ရခိုင်ပြည်နယ်နှင့် အနီးအနားရှိ မကွေးတိုင်းတို့ရှိ မုန်တိုင်းဘေးရှောင် စခန်းများရှိ မိသားစုများထံ အရေးပေါ် စားနပ်ရိက္ခာ ဖြန့်ဝေပေးမှုများကို စတင်ခဲ့သည်။

အေဂျင်စီအနေဖြင့် ရခိုင်၊ မကွေးနှင့် ချင်းပြည်နယ်တို့၏ အဆိုးဆုံး ထိခိုက်ခံ ဧရိယာများရှိ လူပေါင်း ရှစ်သိန်းထက်မနည်းဆီ ကနဦး သုံးလအတွင်း အကူအညီများ ထောက်ပံ့ပေးရန် ရည်မှန်းထားသည်ဟု သူမက ပြောသည်။ ၎င်းတို့အနက် ထက်ဝက်နီးပါးသည် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထားကြရသူများ ဖြစ်ကြသည်။
“နှစ်နိုင်ငံစလုံးမှာက အကူအညီ လိုအပ်မှုတွေက သိပ်ကို ကြီးမားပါတယ်” ဟု ဝက်ဘ်က ပြောသည်။

ရန်ပုံငွေထောက်ပံ့မှု လျှော့ချခြင်းကြောင့် WFP အနေဖြင့် မတ်လက ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားတွင် နေထိုင်သော ဒုက္ခသည်များအတွက် အစားအစာ ဘောင်ချာ တန်ဖိုးကို အစားအစာတစ်နပ်လျှင် ၁၀ ဆင့်အထိ လျှော့ချခဲ့ရသည်ဟု သူမက ထောက်ပြပြောဆိုသည်။

“နောက်ပြီး ငွေကြေးထောက်ပံ့မှု မရဘူးဆိုရင် ဇွန်လကျရင် ကျွန်မတို့ ဒါကို ထပ်ပြီး လျှော့ရပါလိမ့်မယ်” ဟု သူမက ပြောသည်။ WFP အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များကို ကူညီရန် နှစ်ကုန်မတိုင်မီ ဒေါ်လာ ၅၆ သန်း အရေးတကြီး လိုအပ်နေသည်ဟုလည်း ပြောသည်။

မြန်မာတွင်လည်း မိုခါ မုန်တိုင်းဘေးသင့် ပြည်သူ ရှစ်သိန်း အပါအဝင် ပြည်တွင်း နေရပ်စွန့်ခွာကြရသည့် ပျော့ကွက်အားနည်းချက်ရှိသူ ပြည်သူ ၂ ဒသမ ၁ သန်းကို အရေးပေါ် အကူအညီ များ ပေးအပ်ရန် ကုလအေဂျင်စီအနေဖြင့် ဒေါ်လာ သန်း ၆၀ လိုအပ်လျက် ရှိသည်ဟု သူမက ပြောသည်။

“အလွန်တရာ့ကို မရေမရာလှတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေကြရတဲ့ လူသန်းချီတို့အတွက် ဒီ ဆိုင်ကလုန်းက ဆိုးဝါးတဲ့ အခြေအနေတစ်ရပ်ကို ပိုပြီးတော့ ဆိုးစေခဲ့ပါတယ်”

Some 800,000 people affected by Cyclone Mocha in Myanmar: UN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required