တကောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
21 May 2023
တကောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားသည့် နီကယ်စက်ရုံဘက်မှ အင်အား၃၀ ခန့်လိုက်ပါလာသော ကား အသေးသုံးစီးအား တကောင်းဘက်သို့ဆင်းလာချိန် မေလ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင်

မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါယာဉ်တန်းကို ခြောက်မိုင်ရွာအနီးတွင် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ နောက်ဆုံးအစီးကို ထိမှန်ခဲ့ ကြောင်းသိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းလာမယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ပါ။ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူး”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရှေ့ကားနှစ်စီးမှာအရှိန်မြှင့်တင်မောင်းနှင်သွားပြီး မိုင်းထိသောကား မှာ ဖြေးဖြေးချင်းသာ မောင်းနှင်သွားနိုင်ခဲ့ကြောင်း ဆိုသည်။

မေလ ၁၃ရက် နံနက် ၁၁ နာရီအချိန်ကလည်း သပိတ်ကျင်းမြို့နယ် လက်ပံကုန်းကျေးရွာမှ တကောင်း ဘက်သို့စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လိုက်ပါလာ‌သည့် ခြောက်ဘီးကားနှစ်စီးအားဆူးတောရွာ အဝင်ပေါက်တွင် တကောင်း (ပကဖ) က မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#သပိတ်ကျင်းမြို့နယ်

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly