UEC ဒုညွှန်ချုပ်အား ရှင်းလင်းခဲ့သည့် YRF အဖွဲ့ဝင်များ ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

By ဂန္ဒမာ (မဇ္ဈိမ)
21 May 2023
UEC ဒုညွှန်ချုပ်အား ရှင်းလင်းခဲ့သည့် YRF အဖွဲ့ဝင်များ ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

ရန်ကုန် မြေပြင်သပိတ်တော်လှန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းဌာနများနှင့် သတင်းစာများတွင် မေလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ထိုထဲတွင် ဦးစိုင်းကျော်သူအား အမှန်တကယ် ပစ်ခတ်ရှင်းလင်းခဲ့သည့် For The Yangon မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင် သုံးဦးလည်းပါဝင်ပြီး စစ်ကောင်စီက ၎င်းတို့အား YRF အဖွဲ့ဝင်များဟုသာ ခေါင်းစဉ်တပ်၍ ထုတ်ပြန်သွားသည်ကို တွေ့ရသည်။

“For The Yangon ကရဲဘော် သုံးဦးဖမ်းဆီခံရတာဟုတ်ပါတယ်ဗျ။ စကစရဲ့ကြေညာချက်တွေမှာတော့ တွေ့ရာလူဖမ်းပြီး အမှုဆင်ထားတာမျိုးတွေပါ။ အဓိကက သူတို့ရဲ့ ဌာနအတွင်း ဖိအားတွေကို လိမ်ညာလှည့်ဖျားကောင်းရုံနဲ့ ပြည်သူတွေကို ဝါဒဖြန့်ကောင်းရုံသက်သက် ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်ပါပဲ ” ဟု For The Yangon အဖွဲ့တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။

ဖမ်းဆီးခံရသူများမှာ ဇင်မျိုးဦး(ခ) Flash (ခ) သားငယ် ၊ စိုးသူ (ခ) Red (ခ) ကောင်းဝေ ၊ မင်းဆက် (ခ) အောင်သူဟန် ၊ အာကာထက်ကျော် (ခ) အောင်သုခ ၊ ရဲကျော်ပိုင် (ခ) မောင်ကြီး ၊ ငြိမ်းမောင် (ခ) ငြိမ်းချမ်းအောင် ၊ ချစ်ကိုကို ၊ ကျော်လွင်ဦး ၊ ပန်းအေး (ခ) ကိုမျိုး နှင့်် လပြည့်အိမ် (ခ) ကိုရှိုင်း တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများနှင့်ဆက်လျဉ်း၍ Yangon Revolution Force (YRF) နှင့် For The Yangon အဖွဲ့တို့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက်က ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ကြောင်းကိုလည်း အတည်ပြုပြောကြားခြင်းမရှိပေ။

ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် YRF အဖွဲ့ဝင် ဆယ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးရမိထားသည့် ခေါင်းစဉ်အောက်တွင် For The Yangon အဖွဲ့ဝင်များပါဝင်နေခြင်းနှင့်ပတ်သက်၍ အဖွဲ့နှစ်ဖွဲ့၏ ပတ်သက်ဆက်နွယ်မှုကို မေးမြန်းရာ “ အဲ့ဒါကိုတော့ ပြောပြရခက်မယ်ဗျ။ သေချာတာကတော့ ရန်ကုန်အတွက် လုပ်နေကြတဲ့အဖွဲ့တွေပေါ့” ဟု For The Yangon အဖွဲ့တာဝန်ခံက ဆက်ပြောသည်။

ယခု ရက်ပိုင်းအတွင်း ရန်ကုန်၌ လူငယ် ၃၀ ဦးထက်မနည်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌက မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။ ထို့ပြင် ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ ဖမ်းဆီးရမိသည့်သတင်းများနှင့် အခြားသော ကိစ္စရပ်များတွင် အမှုဆင်ကာ စွပ်စွဲဖမ်းဆီးထားသည့် သတင်းများလည်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ယခုတွင်လည်း Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ဖမ်းဆီးရမိထားသည့်သတင်းနှင့်ပတ်သက်၍ YRF အဖွဲ့ခေါင်းဆောင်က “ကျနော်တိုအနေနဲ့တော့ မအံ့ဩတော့ပါဘူး။ စကစ အနေနဲ့ကလည်း ဖမ်းဆီးခံရတဲ့ ကေ့စ်တွေကို သူတိုအလုပ်လုပ်ပြချင်သယောင် ဇာတ်လမ်းဆင်ရေးသားနေကြတာတွေက အသားကျနေပါပြီ”ဟု မဇ္ဈိမ ကိုပြောသည်။

ဦးစိုင်းကျော်သူမှာ ဧပြီလ ၂၂ ရက်နေ့က For The Yangon အဖွဲ့၏ ရှင်းလင်းမှုဖြင့် သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများဟူ၍ အမျိုးသား ဆယ်ဦးကို YRF အဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးထားသည်။ ထို့အတူ မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် သာကေတမြို့နယ်ရှိ ကြယ်စင်လင်း စိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများဟုလည်း စွပ်စွဲကာ အမျိုးသား ရှစ်ဦးအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီအနေဖြင့် မေလ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#Yangon Revolution Force (YRF)

#ForTheYangon

#UECဒုညွှန်ချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly