မြန်မာ - စစ်ကောင်စီက မုန်တိုင်းဘေး အကူအညီကို စစ်လက်နက်အဖြစ် အသုံးပြုနိုင် (အယ်ဒီတာ့အာဘော်)

မြန်မာ - စစ်ကောင်စီက မုန်တိုင်းဘေး အကူအညီကို စစ်လက်နက်အဖြစ် အသုံးပြုနိုင် (အယ်ဒီတာ့အာဘော်)

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် ကြီးစွာသော အပျက်အစီးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး မုန်တိုင်းဘေးသင့် ပြည်သူတို့အတွက်လည်း အကူအညီများ လိုအပ်လျက်ရှိသည်။

ဆိုရလျှင် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အကျိုးအမြတ်ရစေရန် ဤဟာကွက်ကို အသုံးချနိုင်သည်။

စစ်ကောင်စီ အာဏာပိုင်တို့သည် စစ်တွေမြို့ သို့မဟုတ် ဝန်းကျင်ဧရိယာများကဲ့သို့ ၎င်းတို့ သဘောရှိသည့် လူအစုအဖွဲ့များကို ထောက်ပံ့ကူညီပေးရင်း၊ ၎င်းတို့အပေါ် အားကိုးမှီခိုရစေမှုကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်ခြင်းအားဖြင့် အကူအညီ လိုအပ်သူများကို အကူအညီများ ဖြန့်ဝေပေးခြင်း သို့မဟုတ် ထိုကဲ့သို့ အကူအညီများပေးရန် ပြင်ပအဖွဲ့အစည်းများကို လုပ်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

သို့သော် အခြားတစ်ဘက်တွင်မူ စစ်ကောင်စီသည် စစ်ကိုင်း၊ ချင်း နှင့် ကချင်ပြည်နယ်တို့ ကဲ့သို့ “၎င်းတို့အပေါ် ဒုက္ခပေးသော” ဧရိယာများ၊ အထူးသဖြင့် ရွေးချယ်မှုအရ သို့မဟုတ် ရွေးချယ်စရာမလိုဘဲ နွေဦးတော်လှန်ရေးကို ထောက်ခံသည့် လူအစုအဖွဲ့များထံ အကူအညီများ ဖြန့်ဝေခြင်းအပေါ် ပိတ်ဆို့တားဆီးနိုင်သည်။

ထို့အတွက်ကြောင့် အကူအညီကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။

၂၀၀၈ ခုနှစ်က ကြောက်မက်ဖွယ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ထိုစဉ်က စစ်အစိုးရသည် ၎င်းတို့၏ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွင် စမ်းတဝါးဝါး သွားခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်ကင်းမဲ့မှုအပေါ်တွင် နိုင်ငံခြားသားကြောက်ခြင်းနှင့် လူမျိုးစု၊ ဘာသာရေးဆိုင်ရာ နိုင်ငံရေးတို့က အတိုင်းအတာတစ်ခုဖြင့် လွှမ်းမိုးခဲ့သည်။ နာဂစ်မုန်တိုင်းလောက် ထိခိုက်မှု မပြင်းသည့် မိုခါ မုန်တိုင်း တိုက်ခတ်သွားပြီးနောက် ယခုတစ်ကြိမ်တွင်လည်း လက်ရှိ အာဏာသိမ်းစစ်အုပ်စုသည် လူသားချင်းစာနာမှု အကျပ်အတည်းကို ၎င်းတို့အကျိုးအမြတ်အတွက် အသုံးချရင်း အတိုင်းအတာတစ်ခုဖြင့် ဤအပြုအမူအတိုင်း ထပ်ကာပြုလုပ်လျက် ရှိသည်။

စဉ်းစားကြည့်ပါ။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူတို့၏ လက်တွေ့ဘဝ ဘေးဒုက္ခများကို မသိချင်ယောင် မျက်ကွယ်ပြုလျက် နေပြည်တော်၌ တခမ်းတနား နေထိုင်လျက် ရှိသည် ဖြစ်ရာ မုန်တိုင်းဘေးသင့် နိုင်ငံ၏ ဧရိယာ တစ်ခွင်တစ်ပြင်ရှိ ပြည်သူတို့၏ အသက်ဘဝများ ထိခိုက်ပျက်စီးရမှုတို့နှင့် သီးခြားကင်းကွာနေသည်။ ထိရောက်မှုမရှိဘဲ ခြိမ်းခြောက်ဟိန်းဟောက်နေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများသည် ၂၀၂၁ ခုနှစ်မှစပြီး အာဏာကို မတရား လုယူထားမှုက အစီအစဉ်အတိုင်း ဖြစ်မလာမည်ကို ကြောက်လန့်နေကြသည်။ ၎င်းတို့ စိုးရိမ်ကြောက်လန့်နေသည့်အတိုင်းပင် ၎င်းတို့ ကြံစည်ထားခဲ့သမျှက ဆိုးဆိုးဝါးဝါး မှားနေပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် အကူအညီကို လက်နက်တစ်ခုသဖွယ် အသုံးပြုရာတွင် ဖြစ်စေ သို့မဟုတ် “နိုင်ငံမှာ အစိုးရအစစ်က ဘယ်သူလဲဆိုတာ မိုခါက လက်တွေ့ပြလိုက်ပြီ” ဟု ပုံနှိပ်ထုတ်ဝေသည့် ၎င်းတို့ထိန်းချုပ်သည့် အာဘော် သတင်းစာတွင် ကြွားလုံးထုတ်ရာတွင် ဖြစ်စေ၊ အခြေအနေများကို ၎င်းတို့အကျိုးအမြတ်ရစေရေး မလိမ့်တစ်ပတ် ကြိုးစားလုပ်ရန် အခွင့်အလမ်း သို့မဟုတ် အခွင့်အရေးမှန်သမျှကို အသုံးချလိမ့်မည် ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုအတွက်မူ ဆိုင်ကလုန်း မိုခါသည် ၎င်းတို့၏ လုပ်ငန်းစဉ်ကို အကျိုးဖြစ်စေရေး မလိမ့်တစ်ပတ်လုပ်မည့် သဘာဝဘေးဒုက္ခဆိုးတစ်ခု၊ ပြီးပြည့်စုံသောယာဉ်တစ်စီး ဖြစ်သည်။

စစ်အုပ်စု၏ ရည်မှန်းချက်နှစ်ခုက ပေါ်လွင်ထင်ရှား‌နေသည်။ ပထမတစ်ခုက ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေး အမာခံနယ်မြေများကို တိုက်ခတ်သွားသည့်အတွက် ကျေးရွာများ၌ ထိခိုက်ပျက်စီးခြင်း၊ ရေလွှမ်းမိုးခြင်းတို့ကို ဖြစ်စေခဲ့ပြီး စစ်၏ အပျက်အစီးများအကြား ပိတ်မိနေသော ဧရိယာများကို ထပ်မံ ထိခိုက်စေခဲ့သည်။ စစ်အုပ်စုသည် အဆိုပါ ဧရိယာများဆီ သွားမည့် အကူအညီများကို ပိတ်ဆို့လိမ့်မည် ဖြစ်သည်။ ဒုတိယအချက်က အာဏာသိမ်းစစ်အုပ်စုသည် ရိုဟင်ဂျာ မွတ်စလင်များအပေါ် ယင်း၏ စစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ထားမှု မရှိခြင်း ဖြစ်သည်။ သိသာထင်ရှားသည်က ရခိုင်ပြည်နယ်ရှိ အရေအတွက်အားဖြင့် ၆၀၀,၀၀၀ ခန့် ရှိသည့် နောက်ဆုံးကျန်ရှိနေထိုင်လျက်ရှိသည့် ရိုဟင်ဂျာများ၊ IDP စခန်းများတွင် နေထိုင်လျက်ရှိသူများသည် လူသားချင်းစာနာမှု အကူအညီနှင့် ပတ်သက်လျင် စာရင်း၏ နောက်ဘိတ်ဆုံးတွင် ရှိနေလိမ့်မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသူများနှင့် ရခိုင်ပြည်နယ်တွင် ဆက်လက်နေထိုင်လျက်ရှိသူများ အပါအဝင် ထိခိုက်ခံ ရိုဟင်ဂျာ အစုအဖွဲ့ဝင်များ၏ ခုခံနိုင်စွမ်း အားနည်းမှုနှင့်ပတ်သက်ပြီး အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ဝေဝေနုက ယခုသီတင်းပတ် နယူးယော့ခ်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောဆိုစဉ် အလေးပေး ပြောကြားခဲ့သည်။ မြန်မာစစ်တပ်၏ အသိအမှတ်ပြုမခံရသည့် ရိုဟင်ဂျာများအပေါ် ဆယ်စုနှစ်များကြာ ဆက်ဖြစ်ဆဲ အတောမသတ်သည့် ကမ်ပိန်းက ဆက်ဖြစ်နေပြီး လက်ရှိအချိန်တွင် ရိုဟင်ဂျာ အစုအဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်းအလွန် အစာရေဆာ ငတ်မွတ်မှုဖြင့် ဖိစီးခံနေရသည်။

နိုင်ငံတကာ အကူအညီတချို့ကို ဝင်ခွင့်ပြုမှုကို ဦးတည်စေမည့် အပေါ်ယံအပယိက လယ်ဗယ် ဆွေးနွေးညှိနှိုင်းမှုတစ်ရပ်နှင့် ပြီးခဲ့သည့် သီတင်းပတ်ကျော်က မြင်တွေ့ခဲ့ရသည့် “ဓာတ်ပုံ အခွင့်အလမ်းများ” နှင့်အတူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက အကူအညီပေးချင်ယောင်ဆောင်လိမ့်မည် ဖြစ်သော်လည်း စစ်အုပ်စု မျက်နှာသာမပေးသည့် အစုအဖွဲ့များထံ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်မှုအပေါ် ပိတ်ဆို့မှုတို့ ရှိလိမ့်မည် ဖြစ်သည်။

ဒေါ်ဝေဝေနု ကုလသမဂ္ဂကို ပြောသလိုပင် အကူအညီလိုအပ်နေသည့် လူအစုအဖွဲ့များထံ အကူအညီများကို လွတ်လွတ်လပ်လပ် ဖြန့်ဝေပေးသင့်သည်။ နာဂစ်မုန်တိုင်းဘေး အကူအညီပေးမှုများကို လုံးလုံးလျားလျား မအောင်မမြင်ဖြစ်စေရန် ကြီးကြပ်ခဲ့သည့် ယခင်စစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးများနှင့် အတူတူပင် ဖြစ်သည့် လက်ရှိအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ စိတ်ကူးလိုအင်ဆန္ဒအတိုင်း အကူအညီပေးမှုဆိုင်ရာ ထိန်းသိမ်းမှုအခွင့်အာဏာကို အပ်မထားသင့်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly