နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ယနေ့အချိန်အထိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၃၀)နီးပါးကို ဖမ်းဆီးခဲ့ပြီး (၁၆) ဦးမှာ ထောင်အတွင်း ဒါမှမဟုတ် မိမိနေရပ် စွန့်ခွာတိမ်းရှောင်ရင်း အသက်ဆုံးရှုံးခဲ့ရပြီး ကိုယ်စားလှယ် ၄ ဦးကို နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းခဲ့သည်ဟု ပြည်ထောင် စု လွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီက ဦးဆောင်ပြီး မေ ၁၉ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းအတွင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြို့နယ်များ၏ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များနှင့် တွေ့ဆုံပြီး အရေးပေါ် ကူညီထောက်ပံ့ ရေးကိစ္စရပ်များ ပံ့ပိုးဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၈၄၀ ကျော် ထောက်ပံ့မှုများ ပြုလုပ်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

  • KNU တပ်မဟာ ၆ နယ်မြေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံသင်တန်းကို မေ ၁၉ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။ 

  • မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော စစ်တပ် ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းရေးတို့ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။ 

  • အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ စိုင်းဟားမြို့တွင် ရောက်ရှိနေသည့် မြန်မာ စစ်ဘေး ဒုက္ခသည် ကလေးများ ပညာရေးအတွက် (MRCS) Myanmar Refugee Committee Saiha က မေ ၁၉ ရက် ညနေပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အသိအမှတ်ပြု ဒုက္ခသည် စာသင်ကျောင်းကို ဖွင့်လှစ် ခဲ့သည်ဟု The Chin Journal ၏ ဖော်ပြချက်အရ သိရသည်။ 

  • အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် နိုင်ငံရေးကိစ္စများတွင် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်ခြင်း မပြုကြရန် ချင်းလွှတ်တော်ကိုယ်စားပြုကော်မတီက မေ ၁၆ ရက်တွင် အသိပေး ထုတ်ပြန်ထား သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး စခန်းကို မေ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့ S&C မှ တီထွင် ထုတ်လုပ်ထားသည့် Solar power station ၁၂ စုံကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၂၀ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ မေ ၂၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာတွင် မေ ၂၀ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မေ ၂၀ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူများ ယနေ့ မေ ၂၀ ရက်၊ နံနက်အစောပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လက်နက်များကို ဦးစားပေးထုတ်လုပ်နေသည့် Bant Two တပ်ဖွဲ့သည် ဂတ်စ်သေနတ်များ၊ တူမီးသေနတ်များ စတင်ထုတ်လုပ်ရာကနေ M4 ကာဘိုင်များ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို မေ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါ က်ကွဲခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၆ ရဲဘော်များက မေ ၂၀ ရက် တွင် တပ်ရင်း ရိက္ခာ ဖူလုံရေးအတွက် မြေပဲစိုက်ပျိုးရင်း အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "အဖိနှိပ်ခံတို့ ညီညွှတ်ကြ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် မေ ၁၉ ရက်၊ နံနက်ပိုင်းက PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး ထားသည့် လင်မယား ၂ ဦးအနက်မှ အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ကာ အမျိုးသားဖြစ် သူနှင့် အတူ ၂ ဦးလုံးကို ပစ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း ဝါဘသဲကျေးရွာ အနီးသို့ မေ ၂၀ ရက်၊ နံနက် ၈ နာရီကျော်ခန့်က စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ကျားဖြူစစ်ကြောင်း ၂ ၊ နယ်မြေ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွား လျက်ရှိကြောင်း  Albino Tiger Company-1 ထံမှ သိရသည်။ 

  • G7 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အကြမ်းဖက် စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးရေး ပြည်သူများ စုပေါင်း၍ အွန်လိုင်း ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို ယနေ့ မေ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 

  • အကြမ်းဖက်စစ်တပ်၏ လူသားမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့များကို ဆောထိမြို့နယ် ဒေသခံကရင် အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းက မေ ၁၉ ရက်တွင် တောင်းဆိုလိုက်သည်။ 

  • ရှမ်းပြည်နယ်အတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လိုက်နာပေးကြရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆိုထားသည်။ 

  • ဒေသခံလူမှုအသိုင်းအဝိုင်း၏ အတိုက်အခံပြုလုပ်မှုများကြားမှ "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပိုင် ကုမ္ပဏီက နမ္မတူရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ (SSFIM)က မေ ၁၈ ရက်တွင် ထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ မေ ၁၉ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၃၅၅၈ ဦးအထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်လိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ မေ ၁၉ ရက်က အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်နေပြီး နေ့စဉ်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ အကြမ်းဖက် စစ်သားအများအပြား ထိခိုက်သေဆုံးမှု ရှိပြီး တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကရင်ပြည်နယ်၊ မူးမြို့နယ်ရှိ ကျေးရွာများကို မေ ၁၈ ရက်၊ နံနက်ပိုင်းက စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ် မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ်စခန်းကို ယနေ့ မေ ၂၀ ရက်၊ နံနက်ပိုင်းတွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ (RCSS)က အင်အား ၁၀၀ကျော်ဖြင့် လာရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLAက သတင်းထုတ် ပြန်သည်။ 

  • မွန်ပြည်သစ်ပါတီ (NMSP)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင်ပါဝင်မှု ရပ်ဆိုင်းထားပြီး စစ်ကောင်စီနှင့်မဆွေးနွေးတော့ဟု အသိပေးထားကြောင်း PPST အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မိုခါမုန်တိုင်းကြောင့် မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ထိန်းချုပ်နယ်မြေအတွင်း ထိခိုက်ပျက် စီးမှုများပြားခဲ့ပြီး အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မတူပီ CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ 

  • မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် ရခိုင်ဒေသ ပြည်သူများအတွက် တအာင်း တပ်မတော် (TNLA)ကလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ထံသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ရာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည် ပေးအပ်ခဲ့သည်။ 

စစ်ကောင်စီ 

  • ရေကြောင်းလူငယ်များအား ထက်မြက်သည့် ကာယအား၊ ဉာဏအားများနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရန် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မေ ၁၉ ရက်က နေပြည်တော်တွင် ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း၊  အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် (အငယ်တန်းအဆင့်) တို့မှ သင်တန်းသား၊ သင်တန်းသူများ နှင့်အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောရာတွင် ထည့်သွင်းမှာကြားခဲ့သည်။ 

  • မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်နှင့် ရသေ့တောင်မြို့တို့သို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက မေ ၁၉ ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

  • မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများ နှင့် စား သောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်က သင်္ဘောတစ်စီး ရန်ကုန်မြို့ကို မေ ၁၉ ရက်က ထပ်မံရောက်ရှိလာသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ 

  • ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၄၀၀ ဦး သေဆုံးသည်ဟု သတင်းရေးသား ဖော်ပြသော မီဒီယာများကို အရေးယူမည်ဟု စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားသည်။ 

  • မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် မြန်မာ့ ယွန်းထည်နှင့်အနုပညာ ပစ္စည်းပေါင်း (၁၀၀) ကျော်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့တွင် ခင်းကျင်းပြသနေကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေး၀န်ကြီးဌာနထံမှ သိရသည်။ 

  • ခြောက်လအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ကို ဝယ်ယူခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများက အများဆုံး ရောင်းချ ထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာ ထားသည်။ 

  • အသစ်တည်ထောင်ခွင့်ပြုထားသည့် ပါတီများထဲက ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီသည် မေ ၁၉ ရက်က ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

  • စစ်ကောင်စီ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ "မိုခါ"မုန်တိုင်းဒဏ်ခံစားခဲ့ရသူများတွင်ပါဝင်သည့် USDP ပါတီဝင်များအား မေ ၁၉ ရက်၊ နံနက် ၈ နာရီခွဲ တွင် ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။ 

  • ၂၀၂၃ ခုနှစ် ဇွန် (၁) ရက်မှ စတင်ပြီး သွင်းကုန်ကုန်စည်လိုင်းပေါင်း (၃၀၇၅) လိုင်းအား အလို အလျောက်သွင်းကုန်လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အကောက်ခွန် ဦးစီးဌာန MACCS ဌာနခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော် အကြာ မိသားစုရှိရာ နောက်တန်း  မပြန်ရ၍ သင်္ကန်းညီနောင် စစ်ဗျူဟာမှ တပ်ကြပ် တစ်ဦး မေ ၁၆ ရက်၊ ညနေပိုင်းတွင် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်သွားကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။ 

  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်စောင့် အကြမ်းဖက် စစ်သား ၂ ဦး မေ ၁၈ ရက်၊ နေ့လယ်ပိုင်းက အချင်းချင်းစကားများရန်ဖြစ်ပြီး ပစ်ခတ်ကြရာ ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

 

မေ ၂၀ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီအာဏာသိမ်းပြီးနောက် လူထုထောက်ခံမှုအင်အားများပြားသည့် အတိုက်အခံပါတီ၏ ခေါင်းဆောင်များကို မတရား ဖမ်းဆီးထောင်ချပြီး ပါတီအမတ်များကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခြင်းများကို ပြုလုပ်ကာ အတိုက်အခံ အင်အားစု ပြိုကွဲအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ 

  • စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည့် အပစ်ရပ် မွန်တပ် NMSP သည် စစ်ကောင်စီ၏ တစ်ဖက်သတ် ဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်း ထားသည်ဟု သိရသည်အတွက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် အောင်မြင်မှုများ မရသေးသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly