ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်း မနက်ဖြန် ကြေငြာမည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်း မနက်ဖြန် ကြေငြာမည်

 စစ်တွေ ၊ မတ် ၂၇ ရက်။          ။  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်းကို မတ် ၂၈ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

“ကျနော့်ဆီမှာ စာအိတ်တွေ ပါလာပါတယ်။ ကျနော် ခု စစ်တွေကို ရောက်တယ်။ စာအိတ်တွေက မနက်ဖြန်မှ ဖွင့်မှာဆိုတော့ ဘယ်သူတွေက အစိုးရအဖွဲ့မှာ ပါလာမလဲ ကျနော်တို့ မသိသေးပါဘူး။ စာအိတ်ကိုလည်း ပြည်နယ်လွှတ်တော် ဥက္ကဌကို တိုက်ရိုက်အပ်မှာပါ။ အဲဒီအခါမှ သိရမှာ ဖြစ်ပါတယ်။” ဟု ရခိုင်ပြည်နယ် ဝန်ကြီးချူပ် အမည်စာရင်းတင်သွင်းခံထားရသူ ဦးညီပုက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အမည်စာရင်းတင်သွင်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ဦးညီပု အမည် ပါလာပြီးနောက်တွင် ရခိုင်အမျိုးသားပါတီမှ အတိုက်အခံအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

“ဝန်ကြီးချူပ်ကို မရွေးချယ်ခင် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာတော့ ကျနော်တို့ ကြေညာချက်အတိုင်းပဲ အတိုက်အခံအဖြစ် ရပ်တည်သွားဖို့ ဆုံးဖြတ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည့်အခါ ပြည်နယ်၏ ပထမဆုံး ဆောင်ရွက်သွားမည့် အရာများနှင့် ပတ်သက်၍ ဦးညီပုက “ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှပဲ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ၂၃ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ၈ နေရာ၊ ပြည်ခိုင်ဖြိုးမှ ၃ နေရာ၊ တသီးပုဂ္ဂလ ၁ နေရာ အသီးသီးအနိုင်ရခဲ့ပြီး တပ်မတော်ကိုယ်စားလှယ် ၁၂ နေရာဖြစ်ကာ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌ နေရာကို ရခိုင်အမျိုးသားပါတီမှ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်က ပဋိပက္ခ ဖြစ်ပွားမှု အများဆုံးနှင့် ဘာသာရေးအသွင်ဆောင် တင်းမာမှုများ ရှိခဲ့ပြီး၊ လှေစီးဒုက္ခသည်များ ပြဿနာနှင့် နိုင်ငံတကာမှ အထူးစောင့်ကြည့်ခြင်းကို ခံနေရသဖြင့် ရခိုင်ပြည်နယ်၏ အစိုးရအဖွဲ့တွင် တိမ်းစောင်းမှုများ ရှိမည်ကို မြန်မာ့ နိုင်ငံရေးလေ့လာ စောင့်ကြည့်နေသူများက စိုးရိမ်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly