အညာပစ်တိုင်းထောင်လေးများအဖွဲ့က ရေဘေးသင့် ကျေးရွာကို ထမင်း ၁ နပ် လှူဒါန်း

By ၀၀၈ မန္တလေး(မဇ္ဈိမ)
20 May 2023
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ရေဘေးသင့် ကျေးရွာကို ထမင်း ၁ နပ် လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ  “မိုခါ” မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့် ကျေးရွာတစ်ရွာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်၍ အနာဂါတ်အလင်းတန်းအဖွဲ့၏ ကူညီမှုဖြင့် မေ ၁၉ရက်က  ထမင်းတစ်နပ် ထောက်ပံ့ လှူဒါန်းခဲ့သည်။

"ကျနော်တို့အနေနဲ့ ရေဘေးသင့်ကျေးရွာက အိမ်ခြေ ၃၂၀ လူဦးရေ ၁၆၀၀ ကျော်ကိုထမင်း တစ်နပ်စာ လှူဒါန်းခဲ့ပါတယ်။အသားဟင်းတစ်မျိုး အရန်ဟင်းသုံးမျိုးနဲ့ကျွေးဖြစ်တာပါဗျ။ကုန်ကျစရိတ်အနေနဲ့ ကျပ်သိန်း၂၀ ကျော်ကုန်ခဲ့ပါတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောသည်။

ရေဘေးသင့်ပြည်သူများအနေဖြင့် အထောက်အပံ့များ လိုအပ်လျက်ရှိပြီး ပြန်လည်အခြေချနိုင်ရန်အတွက် ရှင်းလင်းမှုများ ပြုလုပ်ရန် အကူအညီများ လိုအပ်နေကြောင်းသိရသည်။

"အိမ်တွေမှာ နုန်းတွေ ရှိနေတာကြောင့် အိမ်ရှင်းလင်းရေးလုပ်ဖို့ အချိန်ယူနေရပါတယ်။ ပျက်စီးမှုအနေနဲ့ အိမ်သုံးပရိဘောဂ တော်တော်များများ ပျက်စီးတယ်ဗျ။ လက်ရှိအခြေအနေကတော့ စားသောက်ရေးအတွက် ထမင်းထုပ်လိုအပ်နေပါတယ် "ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့  ဦးဆောင်သူက ပြောသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် မေ ၁၈ရက်က ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ နှစ်ရွာကို Western Chindwin Association(WCA)နှင့်Beyond The Chindwin Organization(BCO)တို့ဖြင့် ပူးပေါင်းပြီး အစားအသောက်များ ထောက်ပံ့လှူဒါန်းထားသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly