ရွှေ့ပြောင်းသူများကို အကူအညီ မပေးခြင်းအား ပုပ်ရဟန်းမင်းကြီး အပြစ်တင်

ရွှေ့ပြောင်းသူများကို အကူအညီ မပေးခြင်းအား ပုပ်ရဟန်းမင်းကြီး အပြစ်တင်

ရောမ၊ မတ် ၂၇ ။        ။ ရောမတွင် ကျင်းပသည့် ရိုးရာအီစတာပွဲတော်အတွင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောကြားရာ၌ ရွှေ့ပြောင်းဝင်ရောက်သူများအပေါ် အကူအညီပေးရန် ပျက်ကွက်သူများအား အပြစ်ဆိုပြောကြားသည်။

"ရွှေ့ပြောင်းသူများသည် နွေးထွေးစွာ ကူညီထောက်ပံ့နိုင်သူများ၏ မျက်ကွယ်ပြုခြင်း ခံနေရကြောင်း" ပုပ်ရဟန်းမင်းကြီးက အပြစ်တင်စကားဆိုခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်တွင် လုံခြုံရေးအထောက်အပံ့ထူထပ်စွာ ချထားခြင်းကြားတွင် မြို့တော်နှင့် ကမ္ဘာသို့ သတင်းစကားကို ထောင်ပေါင်းများစွာသော စုရုံးသူများထံ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အီစတာသတင်းစကားအနေနဲ့ ပြောကြားရရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရရှိရေးအတွက် လိုလားရှာဖွေနေသူ ယောက်ကျားမိန်းမများကို မေ့မထားဖို့ပါပဲ။"ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ဆီးရီးယားနှင့် အီရတ်တို့က စစ်ပွဲများမှ ထွက်ပြေးလာသူအများစုဖြစ်သည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းသူများမှာ ဥရောပမြောက်ပိုင်းလမ်းကြောင်းအား ပိတ်ထားရန် ဥရောပနိုင်ငံများနှင့် တူရကီနိုင်ငံတို့က သဘောတူလိုက်ပြီးနောက် ဂရိနိုင်ငံတွင် သောင်တင်လျက်ရှိနေကြသည်။

ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောကြားရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရေးကို မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားသည်။

ထိုပြင် အစွန်းရောက်ဒုစရိုက်များအား တိုက်ဖျက်ရာတွင် မေတ္တာလက်နက်အား အသုံးပြုကြရန်လည်း ပြည်သူများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly