ပုသိမ်ကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး‌၌ တပ်စွဲထားသည့် စစ်​ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ

By 008၊မန္တလေး (မဇ္ဈိမ)
19 May 2023
ပုသိမ်ကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး‌၌ တပ်စွဲထားသည့် စစ်​ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာအုပ်ချုပ်ရေးရုံးမှူးရုံးတွင် တပ်စွဲထားသည့် စစ်​ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီးနောက် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မြကန်သာရွာအတွင်း အိမ်ငှားနေထိုင်သူစာရင်းများကိုကောက်ယူနေကြောင်းသိရသည်။

မြကန်သာကျေးရွာအုပ်ချုပ်ရေးရုံးမှူးရုံးတွင် တပ်စွဲထားသည့် စစ်​ကောင်စီတပ်ဖွဲ့သည် မေ ၁၈ရက်၊နံနက် ၁၀နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

"မ​​နေ့ မနက်က ဖြစ်သွားတာဗျ။သေတာတော့ မကြားဘူး။ထိတာတွေတော့ရှိတယ်။လူမှုကူညီရေးအသင်းကား နှစ်စီးပေါ်တင်သွားတာမြင်တယ်။ဘယ်နှစ်ယောက်ဆိုတာ​​တော့ မသိဘူး" ဟု မြကန်သာရွာသားတစ်ဦးက ယနေ့ မေလ ၁၉ရက်တွင် မဇ္ဈိမကို ပြောသည်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြကန်သာ ကျေးရွာပတ်ဝန်းကျင်ကို ပိတ်ဆို့ရှာဖွေခဲ့ပြီး ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်းသိရသည်။ စစ်ကောင်စီတပ်သားများသည် ယနေ့ ‌မေလ ၁၉ရက်တွင် မြကန်သာရွာအတွင်းသို့ အရပ်ဝတ်များဖြင့် ဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင်ရောက်ရှိနေ​ပြီး ရွာအတွင်း အိမ်ငှားနေထိုင်သူစာရင်းများကိုကောက်ယူနေကြောင်းသိရသည်။

"အဖမ်းခံရတာတော့ ရွာကမဟုတ်ဘူးဗျ။ဒီအတိုင်း ဖြတ်သွား ဖြတ်လာပဲ။ တားပြီး ဖမ်းသွားတာ။နောက်ထပ်တော့ ဘာမှ မကြားရဘူး"ဟု မြကန်သာ ရွာသား တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်နတ်ဆိုးကပြောသည်။

စာတည်း - မောင်ကြီး

#mizzima

#ပုသိမ်ကြီးမြို့နယ်

#မြကန်သာကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly