မန္တလေးတွင် ကြိုးဆွဲချသေဆုံးနေသော ပိုင်ရှင်မဲ့အလောင်းတွေ့ရှိ

By 007 (မဇ္ဈိမ)
19 May 2023
မန္တလေးတွင် ကြိုးဆွဲချသေဆုံးနေသော ပိုင်ရှင်မဲ့အလောင်းတွေ့ရှိ
Photo မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ယနေ့နံနက်ပိုင်းက၊ ကြိုးဆွဲချသေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"လူက လူလတ်ပိုင်းအရွယ်ပါ၊ အလောင်းတွေ့တဲ့အချိန် လတ်လတ် ဆတ်ဆတ်ကြီးပဲရှိသေးတယ်၊ ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူး၊ ပိုင်ရှင်မပေါ်သေးဘူးခင်ဗျ" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမရပူရမြို့နယ် မုပ်ပုလဲကျေးရွာအပိုင် လယ်ကွင်းအတွင်းရှိ သစ်ပင်တစ်ပင်တွင် ကြိုးဆွဲချလျက် သေဆုံးနေခြင်းဖြစ်ပြီး သေဆုံးသူနှင့်သေဆုံးရခြင်း အကြောင်းရင်းကို မသိရသေးပေ။

လက်ရှိတွင် အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး၊ အလောင်းပိုင်ရှင်နှင့်အဆက်အသွယ်ရရန် ကြိုးစားနေကြောင်း၊ ကူညီဆောင်ရွက်ပေးခဲ့သည့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်၊ မန္တလေးမြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး၊ တချို့ဖြစ်စဉ်များတွင် စား၀တ်နေရေးအခက်အခဲကြောင့် ကိုယ့်ကိုယ်ကိုသတ်သေခြင်းများပါ၀င်ကြောင်း သိရသည်။

"ကျုံးရေထဲ ခုန်ချတယ်ဗျာ၊ ရေနစ်သေတဲ့ Case လည်းရှိတယ်၊ အချိန်မီကယ်လိုက်နိုင်တဲ့ Case တွေလည်းအများကြီးပဲ၊ တစ်ခါကဆိုရင် အရှိန်နဲ့မောင်းလာတဲ့ကားရှေ့လှဲချလို့ ဒဏ်ရာရလို့သွားလို့ လုပ်ပေးရတာမျိုးလည်း ရှိတယ်၊ စား၀တ်နေရေးအဆင်မပြေလို့ သတ်သေကြတာလို့ ပြန်သိရတယ်၊ အခု ကြိုးဆွဲချသေတာမျိုးကတော့ ပထမဆုံးပါပဲ" ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly