ကုလသမဂ္ဂ သံတမန် ပြောဆိုချက်ပြီးနောက် မြန်မာဆီ လက်နက်များ မစီးဝင်ရေး လုပ်ဆောင်နေဟု စင်ကာပူ ပြောလာ

ကုလသမဂ္ဂ သံတမန် ပြောဆိုချက်ပြီးနောက် မြန်မာဆီ လက်နက်များ မစီးဝင်ရေး လုပ်ဆောင်နေဟု စင်ကာပူ ပြောလာ

မြန်မာစစ်ကောင်စီ၏ လက်နက်စက်ရုံများအတွက် “မရှိမဖြစ် ပစ္စည်းများ”ကို စင်ကာပူရှိ အဖွဲ့အစည်းများက ပေးပို့နေသည်ဟု ကုလသမဂ္ဂ သံတမန် တွမ် အင်ဒရူးက ပြောခြင်းကို တုံ့ပြန်ပြီး စင်ကာပူအနေဖြင့် မြန်မာဆီ လက်နက်များ စီးဝင်မှုကို တားဆီးနိုင်ရေး လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန MFA က မေ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ လက်နက်မဲ့ အရပ်သားများအပေါ် သေလောက်အောင် အင်အားသုံးနေခြင်းကို ဆန့်ကျင်ပြီး စင်ကာပူက “မူအားဖြင့် ရပ်တည်” နေကြောင်း MFA ပြောခွင့်ရသူက ပြောပြီး မြန်မာစစ်တပ်ဆီ လက်နက်များ ထောက်ပံ့ခြင်းနှင့် ဆက်စပ်ပစ္စည်းများ ပေးပို့ခြင်းတွင် စင်ကာပူအစိုးရကတော့ ပါဝင်ခြင်း မရှိဟု အင်ဒရူးက ပြောထားကြောင်း မှတ်ချက်ပြုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အင်ဒရူးက အစီရင်ခံစာ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ စင်ကာပူက တုံ့ပြန်လာခြင်းလည်း ဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှနောက်ပိုင်း မြန်မာစစ်ကောင်စီသည် စစ်လက်နက်နှင့် လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး အနည်းဆုံး တင်သွင်းခဲ့ပြီး တရုတ်၊ အိန္ဒိယနှင့် ရုရှတို့က အဓိက ထောက်ပံ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဆိုထားသည်။

၂၀၂၁၂ ဖေဖော်ဝါရီမှ ၂၀၂၂ ဒီဇင်ဘာအထိ မြန်မာစစ်တပ်ထံ စင်ကာပူမှ အဖွဲ့အစည်းများ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၅၄ သန်းရှိပြီး စင်ကာပူက ဘဏ်များကို လက်နက်ပွဲစားများက “ကျယ်ကျယ်ပြန့်ပြန့်” အသုံးပြုနေကြောင်း အင်ဒရူး၏ အစီရင်ခံစာအရ သိရသည်။

အင်ဒရူး၏ အစီရင်ခံစာအတွက် ကျေးဇူးတင်ပြီး ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိကို စင်ကာပူဥပဒေအရ စုံစမ်းစစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MFA ပြောခွင့်ရသူက ဆိုသည်။

တစ်ချိန်တည်းမှာပင် စင်ကာပူသည် မြန်မာဆီ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ရေးအတွက် လုပ်ကိုင်နေပြီး မြန်မာတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်နေကြောင်း ယင်း ပြောခွင့်ရသူက ပြောခဲ့သည်။

https://www.mizzima.com/article/singapore-takes-principled-position-weap...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly