မြို့ပတ်ရထားပေါ်ပစ်ခတ်မှု စွပ်စွဲခံရသူ ၅ ဦးကို အရပ်ဘက်တရားရုံးက သေဒဏ်နှင့် တစ်ကျွန်းထောင်ဒဏ်များ ချမှတ်

By မိုးသောက် (မဇ္ဈိမ)
19 May 2023
မြို့ပတ်ရထားပေါ်ပစ်ခတ်မှု စွပ်စွဲခံရသူ ၅ ဦးကို အရပ်ဘက်တရားရုံးက သေဒဏ်နှင့် တစ်ကျွန်းထောင်ဒဏ်များ ချမှတ်

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်က ရဲများ ပစ်ခတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စွပ်စွဲခံရသည့် လူငယ်ငါးဦး ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်များ  ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

အမှုတွင် စွပ်စွဲခံခဲ့ရသူများဖြစ်ကြသည့် ကိုကောင်းပြည့်စုံဦး၊ ကိုဇေယျာဖြိုး၊ ကိုကျော်စိုးလင်း၊ ကိုဆန်းလင်းမောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများနှင့် ၁၉၄၉ ခုနှစ် လက်နက်နှင့် အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၂/၂(က) အရ သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအတွက် တရားစီရင်မှုကို အင်းစိန်ထောင်အတွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ဒေါ်ခင်နီနီအေးက စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။

အမိန့်ချမှတ်ခံထားရသူများထဲတွင် အခြားလေးဦးသည် လက်နက်နှင့် အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၂/၂(က) အရထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခံခဲ့ရပြီး  ကိုကောင်းပြည်စုံဦးသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄နှင့် ၅၀(က)ဖြင့်  သေဒဏ်များချမှတ်ခံထားရသူဖြစ်သည်။

ယခုအမိန့်ချသည့် အလုံမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် မပါဝင်ပေ။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် သေဒဏ်ချမှတ်ခြင်းနှင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခြင်းသည် ပုံမှန်ဖြစ်သော်လည်း အရပ်ဘက်တရားရုံးမှ သေဒဏ်ချမှတ်ခြင်းသည် ယခုအမှုသည် ပထမဆုံးဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုသို့အမိန့်ချမှတ်ခြင်းသည် တော်လှန်ရေးပြုလုပ်နေသည့် လူငယ်များအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးကမှတ်ချက်ပြုသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာသို့ ထွက်ခွာသည့်  ရန်ကုန်မြို့ပတ်ရထားပေါ်တွင် လိုက်ပါလာသည့်ရဲများ ပစ်ခတ်ခံခဲ့ရပြီး ရဲလေးဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly