အရပ်သားအစိုးရလက်ထက်တွင် အတိုက်အခံအဖြစ် ရပ်တည်သွားတော့မည်ဟု ရခိုင်အမျိုးသားပါတီ ပြောကြား

အရပ်သားအစိုးရလက်ထက်တွင် အတိုက်အခံအဖြစ် ရပ်တည်သွားတော့မည်ဟု ရခိုင်အမျိုးသားပါတီ ပြောကြား

စစ်တွေ၊  မတ် ၂၇ ရက် ။          ။ ရခိုင်ပြည်နယ်ဝန်ကြီးချူပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကိုယ်စားလှယ် ဦးညီပုကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းခဲ့ပြီး   နောက်တွင် ရခိုင်အမျိုးသားပါတီက အစိုးရအဖွဲ့တွင် လုံးဝပါဝခြင်းမပြုဘဲ အတိုက်အခံအဖြစ်သာ ရပ်တည်သွားတော့မည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္ဈိမကို အတည်ပြု ပြောကြားလိုက်သည်။

“ဦးညီပုကို ဝန်ကြီးချူပ် မပေးနဲ့လို့ ကျနော်တို့ ပြောတာ မဟုတ်ဘူး။ ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်းမှာ မဲအများဆုံးနိုင်ထားတယ်။ ကျနော်တို့ ရသင့်တယ်လို့ တောင်းဆိုတာ။ ရသင့်ရထိုက်တာကို တောင်းဆိုတာပါ။ ဝန်ကြီးချုပ်ကို မခန့်အပ်ခင်မှာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ ခု ဒီအနေအထားမှာ ကျနော်တို့ ကြေညာချက်အတိုင်းပဲ အတိုက်အခံအဖြစ် ရပ်တည်သွားဖို့ ဆုံးဖြတ်ပါတယ်။” ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာထိ အနိုင်ရရှိထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ ၈ နေရာသာ အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီက “ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချူပ်နေရာကို ရခိုင်အမျိုးသားပါတီက ရရှိရေး” တောင်းဆိုချက် ၁/၂၀၁၆ ကို ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းခဲ့သည်။

ကြေညာချက် ၂ လကြာသည့်တိုင် တွေ့ဆုံ ဆွေးနွေးမှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင် စစ်တွေလူထုမှ ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ဆန္ဒပြတောင်းဆိုခဲ့သည်။

မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ရခိုင်အမျိုးသားပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အဖွဲ့ဝင်များ တွေ့ဆုံမှုတရပ် ပြုလုပ်ခဲ့သော်လည်း အစိုးရဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးခဲ့ခြင်း မရှိဟု သိရသည်။

ရခိုင်အမျိုးသားပါတီအနေနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ခြင်းမပြုရန်နှင့် ပူးပေါင်းသူ ANP ကိုယ်စားလှယ်များကို ပါတီမှ ထုတ်ပယ်မည်ဟု ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က ပြောကြားခဲ့ပြီးနောက် မတ်လ ၂၇ ရက် ယနေ့တွင် မြောက်ဦး၌ ANP ကြေညာချက်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ခဲ့သည်။

တဆက်တည်းမှာပင် ယနေ့ မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ် ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ANP ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ဆုံရန် ခေါ်ယူထားသည်။
“ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီရဲ့ ကြေညာချက်တွေအပေါ် အထူးလိုက်နာကြဖို့နဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ အခြေအနေတွေကို အသိပေးဖို့ ခေါ်ယူတာ ဖြစ်ပါတယ်။”  ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ယခုလို ရခိုင်အမျိုးသားပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး  “နှစ်ဘက်စလုံးက ရခိုင်ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ဦးတည်ပြီးတော့ပဲ လုပ်စေချင်ပါတယ်။ အတိုက်အခံလုပ်တာပဲ ဖြစ်ဖြစ်၊ ဝန်ကြီးချူပ်နေရာကို ယူတာပဲဖြစ်ဖြစ် ပြည်သူတွက် တကယ်အကျိုးရှိမယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ လိုလားပါတယ်။ ကျနော့်အမြင်ရ လက်ရှိ ရခိုင်ပြည်နယ် နိုင်ငံရေးအနေအထားအရတော့ လွှတ်တော်တွင်းမှာ တစ်ဘက်ဘက်က အတိုက်အခံအဖြစ် ရပ်တည်ဖို့ မသင့်ဘူးလို့ မြင်ပါတယ်။ မြန်မာနိုင်ငံရေးအခြေအနေ၊ ရခိုင်ပြည်နိုင်ငံရေးအခြေအနေ နှစ်ရပ်စလုံးက အတိုက်အခံအဖြစ် သွားဖို့အချိန်မဟုတ်သေးပါဘူး” ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး ပြည်တွင်းဆက်ဆံရေးတာဝန်ခံ ဦးတင်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly