စစ်ကိုင်းနှင့် မကွေးတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နွေသီးနှံစိုက်ခင်း ဧက သောင်းချီ ပျက်စီး၊ ဒေသခံတောင်သူများ အခက်အခဲဖြစ်ပေါ်နေ

By စိုင်းခန့် (မဇ္စျိမ)
19 May 2023
စစ်ကိုင်းနှင့် မကွေးတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နွေသီးနှံစိုက်ခင်း ဧက သောင်းချီ ပျက်စီး၊ ဒေသခံတောင်သူများ အခက်အခဲဖြစ်ပေါ်နေ
ပုံစာ - မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရေကြီးရေလျှံမှုအတွင်း ပျက်စီးသွားသည့် စိုက်ပျိုးမြေများ။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နွေသီးနှံစိုက်ခင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ကာ ဒေသခံတောင်သူများစွာ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

အင်အားပြင်း ဆိုင်ကလုန်းမိုခါသည်  မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့ကို ၀င်ရောက်ဖြတ်ကျော်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ မုန်တိုင်းတိုက်ခတ်မှုအတွင်း ရခိုင်ပြည်နယ်သည် လူသေဆုံးမှုနှင့် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကာ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ 

မိုခါမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေ ပျက်စီးမှုများတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၃ ခုက စိုက်ပျိုးမြေဧက ၄၂,၃၀၀ ဖြင့် အများဆုံး ပျက်စီးခဲ့ပြီး မကွေးတိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင်လည်း စိုက်ပျိုးမြေ ၂၁၇ ဧက ပျက်စီးခဲ့ရကြောင်း NUG က ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရသည်။

“ စစ်ကိုင်းတိုင်း အတွင်းမှာတော့ မုန်တိုင်းကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးမှုများတယ်။ နေအိမ်တွေလည်း ပျက်စီးမှု တချို့ရှိတယ်။ ”ဟု စစ်ကိုင်းဒေသခံ တောင်သူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မိုခါမုန်တိုင်းမတိုက်မီ ရက်ပိုင်းအလိုကပင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံ တောင်သူများ၏ စိုက်ပျိုးထားသည့် ယာခင်းများ ရေမြုပ်မှုကြုံတွေ့ ခဲ့ရသည်။ 

ယင်းသို့ မုန်တိုင်းမိုးရွာသွန်းမှုကြောင့် အချိန်မီမရိတ်သိမ်းနိုင်သည့် တောင်သူများ၏ ကောက်ပဲသီးနှံများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၀ိုင်း၀န်းကူညီရွေ့ပြောင်းပေးခြင်းများ  ပြုလုပ်ပေးခဲ့ကြသည်။  

သို့သော် မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သီးနှံစိုက်ခင်းများစွာ ထပ်မံပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် တောင်သူများ စိုက်ပျိုးထားသည့် နွေသီးနှံစိုက်ခင်း ဧက ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း S&C အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။ 

“ ဒီမှာဆို မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရတဲ့ တောင်သူအရေအတွက်က ၃၃၃ ဦး၊ ဧကပေါင်း ၁,၀၀၀ ကျော် ရှိတယ်၊ ဒီအရေအတွက်က ကျွန်တော်တို့ အခုကူညီမှုတွေ လုပ်ပေးနေတာဆိုတော့ အတိအကျစာရင်းပါ။” ဟု ၄င်းက ပြောသည်။ 

ယင်းအပြင် မြစ်ချောင်းများနှင့် နီးကပ်စွာတည်ရှိသည့် ခင်ဦး၊ တန့်ဆည်၊ မြောင်၊ မြင်းမူ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကန့်ဘလူနှင့် ပုလဲ မြို့နယ်များရှိ ကျေးရွာပေါင်းများစွာတွင်လည်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသည့် ယာခင်းများ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ  သိရသည်။ 

“ မုံရွာခရိုင်၊ မြောင်နဲ့ ယင်းမာပင်တို့မှာတော့ မုန်တိုင်းကြောင့် လူသေဆုံးမှုမရှိပေမယ့် တိရစ္ဆာန်သေဆုံးမှုနဲ့ စိုက်ခင်းပျက်စီးမှုတွေ ရှိခဲ့ပါတယ်” ဟု CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ပြောသည်။ 

မကွေးတိုင်းအတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြုကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မုန်တိုင်းတိုက်ခတ်မှုအတွင်း မန်းချောင်းနှင့် စလင်းချောင်းတို့မှ ရေကြီးရေလျှံမှုများကြောင့် ဒေသခံတောင်သူများ၏ စိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ 

“  ဆောမြို့နယ်မှာတော့ ယောချောင်းရေတအားတက်သွားတဲ့အတွက် ချောင်းဘေးရွာက စပါးခင်းတွေ အများဆုံးပျက်စီးတယ်။ ဧကနဲ့ဆို မနည်းဘူး” ဟု မကွေးဒေသခံတစ်ဦးက ဆိုသည်။ 

ထို့အပြင် မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ လူဦးရေ ၃,၀၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုတွင်လည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံး ၅၀ ကျော်နှင့် နွေသီးနှံဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေများတွင် ဒေသခံတောင်သူများက စပါး၊ ပဲ၊ နှမ်း စသည့် နွေသီးနှံများကို စိုက်ပျိုးထားကြခြင်း ဖြစ်သည်။ 

အဆိုပါ သီးနှံများကို မကြာမှီ ရိတ်သိမ်းရတော့မည် ဖြစ်သော်လည်း စိုက်ပျိုးမြေအများစုမှာ မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုအတွင်း ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

“ ပြီးခဲ့တဲ့ နွေစပါးတုန်းက စကစ စစ်ကြောင်းထိုး မီးရှို့လို့ ပျက်စီးဆုံးရှုံးသွားတယ်၊ အခုတခါ ပဲစိုက်ပြီးတော့ ပြန်လည်ဦးမော့ဖို့ကြိုးစားတဲ့အချိန်မှာ ဆက်ပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တာပေါ့။ အခုကတော့ မိုးစပါးပဲ မျှော်လင့်ချက်ရှိတော့တယ်။ ဒါလည်း ပိုက်ဆံရှိဦးမှလေ” ဟု စစ်ကိုင်းဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

တချို့တောင်သူများမှာ နွေသီးနှံစိုက်ပျိုးရန်အတွက် ငွေတိုးချေးကာ သီးနှံရိတ်သိမ်းပြီးမှ ပြန်လည်ပေးဆပ်ရန် စီစဥ်ထားသော်လည်း ယခုအခါ စိုက်ခင်းများ ရေမြုပ်ပျက်စီးမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

“ ပဲခင်းတွေရဲ့ ဆုံးရှုံးမှုဆို တော်တော်ကြီးတယ်။ ဆုံးရှုံးမှု တန်ဖိုးက တစ်ဧကကို ငါးသိန်းနဲ့ ခြောက်သိန်းကြားလောက်ရှိတယ်၊ တချို့ ဆယ်ဧကလောက်စိုက်တဲ့သူဆို သိန်း ၆၀ လောက် နစ်နာသွားပြီ။ တချို့ဆို ရှိတာလေးတွေ ကုန်သွားတာပေါ့။ အဲ့လိုတွေ ရှိပါတယ်၊” ဟု S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာ၀န်ရှိသူက ဆိုသည်။ 

ထိုသို့အခက်အခဲဖြစ်ပေါ်နေသည့် ဒေသခံတောင်သူများအား လိုအပ်သည့် ကူညီမှုများပေးနိုင်ရန်  ဒေသအခြေစိုက်ကူညီရေးအဖွဲ့များက စီစဉ်လျက်ရှိသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ် ထောက်ပံမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်မှု ပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အချို့နေရာများတွင် စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ထားသည့်အတွက် မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရရှိမှုနည်းပါးခဲ့သလို ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ 

ထို့အပြင် မုန််တိုင်းတိုက်ခတ်နေစဥ်ကာလအတွင်းမှာပင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူများစွာ မိုးရွာသွန်းမှုကြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။ 

စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်ကို “ လူသားစိတ်မဟုတ်ဘဲ တိရစ္ဆာန်စိတ်နဲ့လုပ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားကြောင်း” NUG ယာယီ သမ္မတ ဒူ၀ါလရှီးလက  မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများထံ အားပေးစကားပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ 

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မေလ ၁၇ ရက်နေ့အထိ ကောက်ယူရရှိထားသည့် အချက်အလက်များအရ ပြည်နယ်နှင့် တိုင်း ခုနစ်ခုတွင် ပြည်သူ ၄၅၅ ဦး သေဆုံးထားကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly